ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ KIA တပ်မဟာ ၃ နယ်မြေ၊ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်း၊ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီတပ်၏ စိန်လုံဗျူဟာကုန်းကို မတ်လ ၁ ရက်၊ နံနက် ၇ နာရီတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းပိုက်ရရှိခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်၊ ညနေ ၅ နာရီမှစတင်၍ စိန်လုံဗျူဟာကုန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်၏ မိုးမောက်မြို့နယ် အခြေစိုက် ခလရ ၄၃၇ တပ်ရင်းမှလည်း အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ဒီမနက် ၇ နာရီလောက်က သိမ်းနိုင်သွားတာ၊ စိန်လုံစခန်းက ဗျူဟာမှူးထိုင်တာ၊ အခုကတော့ စခန်းကို ရှင်းလင်းရေးလုပ်နေပြီ။ မနေ့ညကလည်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကြတယ်၊ တောထဲလျှောက်သွားလည်း ငတ်သေမှာပဲ။ အင်အားက ၇၀၀ လောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက MPA ကို ပြောသည်။
စခန်းသိမ်းတိုက်ပွဲပြင်းထန်နေသည့် ယမန်နေ့၊ မတ်လ ၃၁ ရက်၊ ည ၉ နာရီခန့်တွင် စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပစ်ချနိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
“ စိန်လုံစခန်းကို ရသွားတော့ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းမှာ ဘာစခန်းမှ မရှိတော့ဘူး။ တိုက်ပွဲအတွင်း မိုးမောက် ခလရ ၄၃၇ ကလည်း ပစ်ကူပေးတယ်၊ လက်နက်ခဲယမ်းတွေက အများကြီး ရတယ်။ ဂျန်မိုင်ရွာဘက်မှာလည်း စစ်ရှောင်နေတဲ့ ပြည်သူတွေအပေါ် ဗုံးကြဲလို့ ငါးဦးသေသွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
မတ် ၂၇ ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လော့မွန်၊ ရှန်တိုင်းနှင့် ဘန်ယောင်းတပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ မတ်လ ၂၈ ရက်တွင် ယော်ယုံဗျူဟာကုန်းနှင့် ဖလန်းဘွမ်တပ်စခန်း၊ မတ်လ ၃၀ နှင့် ၃၁ ရက်တွင် စိန်လုံဗျူဟာကုန်းအနီးရှိ ဒွမ်ဘော်ဘွမ်၊ လွယ်ယိန်း၊ သိန်းယောင်တပ်၊ ဗျန်ဝိုင်နှင့် ဝလိုင်းဖျန်ယန်တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။
ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော် – လိုင်ဇာလမ်းပိုင်း၊ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်း၊ ဝိုင်းမော်၊ မိုးမောက်နှင့် ဆွမ်ပရာဘွမ်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း ၆၁ ခုကို တိုက်ခိုက်သိမ်းပိုက်ထားသည်။