ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် စစ်တပ်ထောက်ခံသူများဦးစီး၍ တော်လှန်ရေးအဖွဲ့ အစည်းများအား ကန့်ကွက်ရှုံ့ချသည်ဟုဆိုကာ ဒေသခံများ မပါဝင်သည့် အတုယောင်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲကို မတ်လ ၃၀ ရက်က ဓမ္မာလင်္ကာရကျောင်းတိုက် ဆရာတော် ဦးဝိဇယကဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့ခံပြည်သူများ မပါဝင်ကြောင်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး တစ်ဦးက ရှင်းပြသည်။
“လူအုပ် လေးငါးဆယ်လောက်ပဲရှိတယ်၊ မြို့မအားကစားကွင်းက ထွက်လာကြတာ၊ ကျောက်တိုင်ကွင်းကို လမ်းလျှောက်လာတယ်၊ ဘယ်ကလူတွေ ခေါ်လာလည်းမသိဘူး၊ မျက်နှာစိမ်းတွေ၊ ပအိုဝ်းဝတ်စုံ ဝတ်ထားတဲ့ သူတွေကလည်း ပအိုဝ်းတွေမဟုတ်ကြဘူး။ မျက်မှန်းတန်းမိတဲ့သူတွေလည်းမပါဘူး။ ဘုန်းကြီးတွေပဲ သိတယ်၊ တမင်အထင်မှားအောင် လုပ်တဲ့ ဆန္ဒပြပွဲလို့ပဲမြင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဟိုပုံး ဒေသခံတစ်ထောင်ကျော်က PNLA၊ KNDF၊ TNLA၊ PDF အဖွဲ့အလိုမရှိ ၊ အကြမ်းဖက်အဖွဲ့အလိုမရှိ၊ လမ်းတံတားများကို ဖျက်ဆီးနေသော အကြမ်းဖက်အဖွဲ့ များအား ဆန့်ကျင်ကြ ၊ အမျိုးဘာသာ/သာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များအား ချေမှုန်းကြ၊ (ပအိုဝ်း)ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ဖျက်ဆီးသူ တို့ရန်သူ၊ ကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့ အလိုမရှိ ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝကို ဖျက်ဆီးနေသော အကြမ်းဖက်အဖွဲ့ အလိုမရှိ ဟု ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားကြသည်။
“ဘယ်သူက အကြမ်းဖက်လုပ်ရပ်တွေ လုပ်တယ်၊ ဘယ်သူတွေက ပြည်သူတွေရဲ့ အိုးအိမ်တွေကိုဖျက်ဆီးတယ်၊ ဘယ်သူတွေက ဘုန်းကြီးကျောင်းတွေကိုလေယာဉ်နဲ့ဗုံးကျဲတယ်၊ ရွာတွေကိုမီးရှိူ့တယ်၊ မီးလောင်ဗုံးနဲ့ ဗုံးကျဲတယ်ဆိုတာ ပြည်သူတွေအသိဆုံးပါ”ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA )ပြောခွင့်ရသူ ခွန်ရိန်းယံကဆိုသည်။
စစ်ကောင်စီက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် ယခုကဲ့သို့ အတုယောင် ဆန္ဒပြပွဲကို ဖန်တီးခြင်းဖြစ်ကြောင်း ခွန်ရိန်းယံ ကဆက်လက်ပြောသည်။
“ သူတို့(စစ်ကောင်စီ)ဘယ်လိုပဲ လုပ်လုပ် ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလိုပါပဲ၊ သူတို့ကျူးလွန်းခဲ့တဲ့ အပြစ်တွေကို ဖုံးကွယ်လို့မရပါဘူး။ အပြစ်ကပျောက်မသွားပါဘူး၊ ပြည်သူလူထုတွေလည်း ဒီစစ်အာဏာရှင်တွေရဲ့လှည့်စားမှုနောက်ကို မျက်စိမလည်ကြဖို့လိုတယ်၊ သတိကြီးကြီးထားကြဖို့လိုတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သတိပေးပြောဆိုသည်။
စစ်ရေးပြင်းထန်နေပြီး ပျက်ဆီးနေသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီက တော်လှန်ရေးအဖွဲ့စည်းများထံမှ ပြန်လည်ထိန်းချုပ်နိုင်ပြီဟုဆိုကာ သတင်းအမှားများလည်းဖြန့်ဝေလျက်ရှိသည်။