ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ နောင်ဝိုးတံတားမှာ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိကာပျက်စီးသွားကြောင်းသိရသည်။
မတ်လ၃၁ရက်၊ နံနက် ၈နာရီ ၄၅မိနစ်ခန့်က ပင်လောင်းမြို့နယ်၊ နောင်ဝိုးကျေးရွာ၊ နောင်ဝိုးတံတားအနီးတွင် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့က မနက်ပိုင်း နောင်ဝိုးကျေးရွာနားမှာ တိုက်ပွဲဖြစ်တာပေါ့။စကစနဲ့ ရှမ်းတောင်တပ်ဖွဲ့တွေရယ်၊ကျွန်တော်တို့ရယ်နောက်ပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တာပါ။တိုက်ပွဲဖြစ်ပြီး တစ်နာရီလောက်ကြာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်လို့ နောင်ဝိုးတံတားက သွားလို့မရတော့ဘဲ ပျက်စီးသွားတာပေါ့” ဟု ၎င်းက ပြောသည်။
နောင်ဝိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တစ်ကြိမ်ဗုံးကြဲခဲ့ကြောင်း ကရင်နီအခြေစိုက် စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ တိုက်ပွဲက တစ်နေကုန်ဖြစ်တာတော့မဟုတ်ဘူး။ညနေလောက်ကြတော့ ပြန်ငြိမ်သွားတယ်။နောင်ဝိုးတံတားကို လက်နက်ကြီးထိပြီး သိပ်မကြာဘူး။ စစ်တပ်ဘက်က ဒရုန်းတွေနဲ့ ဗုံးကြဲတယ်။ဗုံးကြဲတာကနေရာမှားပြီး စစ်သားတွေရှိတဲ့နေရာကို ကျလို့ အသေအဆုံးတော်တော်များတယ်။အနည်းဆုံး ၃၀ကျော်မယ်။စာရင်းအတိအကျတော့မသိရသေးဘူး။ဒရုန်းနဲ့ ဗုံးမှားကြဲလို့ စစ်တပ်က ပြန်ဆုတ်သွားရတာပေါ့” ဟု ၎င်းက ပြောသည်။
ဒရုန်းဖြင့် ဗုံးမှားကြဲသဖြင့် စစ်သားများ သေဆုံးခဲ့သည်ဟုဆိုခြင်းအပေါ် MPA အနေနှင့် သီးခြား အ တည်မပြုနိုင်ပေ။
ပျက်စီးသွားသည့် နောင်ဝိုးတံတားသည် ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာ နှင့် လွိုင်ကော်မြို့ရှိ နွားလဝိုးရွာသို့ ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး လက်ရှိတွင် ပင်လောင်းမြို့မှ လွိုင်ကော်မြို့သို့ သွားလာ၍ မရသေးကြောင်း ပင်လောင်းမြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“ တိုက်ပွဲက မြို့ပြင်မှာဖြစ်တာပါ။နောင်ဝိုးရွာဘက်မှာပေါ့။မနေ့က စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်တာ ၁၀လုံးကျော်တယ်။နောင်ဝိုးတံတားကို ထိပြီးပျက်စီးသွားတယ်။ပျက်သွားတဲ့ တံတားက နောင်ဝိုးရွာရဲ့ကုန်းတက်အကျော်လေးက တံတားပါ။လုံးဝကျိုးကျသွားတာတော့ မဟုတ်ဘူး။ကားတွေတော့ ဖြတ်မရဘူး။တံတားပေါ်က အက်ပြီး တချို့နေရာတွေဆို ကွန်ကရစ်တောင် မရှိတော့ဘူး။အခု(မတ်လ၃၁ရက်၊မွန်းလွဲ၁နာရီ)ထိတော့ နောင်ဝိုးဘက်ကနေ လွိုင်ကော်ကို ကားတွေသွားမရသေးဘူး” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ နေပြည်တော်သို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်သဖြင့်နောင်ဝိုးရွာ၊ ဆောင်းပြောင်းရွာ နှင့် ပင်လောင်း ပြည်ထောင်စုလမ်းမကြီးများပေါ်တွင် စစ်တပ် ကင်းစခန်းများချကာ လုံခြုံရေးတိုးမြှင့်ထားကြောင်း MPAက စုံစမ်းသိရသည်။

