ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီက ၎င်းတပ်ဖွဲ့ဝင်များ စိတ်ဓာတ်မြှင့်တင်ရန်အတွက် သတင်းမှားများ ထုတ်ပြန်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA )ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက MPA သို့ပြောသည်။
လက်ရှိတွင် ဆီဆိုင်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ စစ်ကြောင်းများ မြို့တွင်းသို့ဝင်ရောက်လာခြင်းသာရှိပြီး သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။
“မြို့တွင်းက စစ်ဇုန်ဖြစ်နေတယ်။ မနေ့က စစ်ကောင်စီက လူအချို့ကို လူသားဒိုင်း အဖြစ်ဓာတ်ပုံဝင်ရိုက်တာ၊ ကျတော်တို့ မျက်မြင်ပါဘဲ၊ လူသားဒိုင်းလုပ်ထားခံရတဲ့ ပြည်သူတွေထိခိုက်မှာ စိုးလို့ ကျတော်တို့ တိုက်ခိုက်မှုမလုပ်ခဲ့ပါဘူး ”ဟု၎င်းက ပြောသည်။
ဆီဆိုင်မြို့တိုက်ပွဲများအပါအဝင် ရခိုင်၊ ကချင်နှင့် ကရင်ပြည်နယ်စသည့် မြန်မာနိုင်ငံအနှံ့ စစ်မျက်နှာပြင်များတွင် အထိနာနေသည့်အတွက် စစ်ကောင်စီက ဓာတ်ပုံများရိုက်ပြီး သတင်းအမှားဖြန့်ဝေနေခြင်းဖြစ်သည်ဟု ခွန်ရိန်းယံက ဆက်လက်ရှင်းပြသည်။
“သူတို့(စစ်ကောင်စီ) တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပြန်မြင့်လာမလားပေါ့၊ အဲ့ဒီလိုလုပ်တာလို့ပဲမြင်ပါတယ်။ အမှိုက်ကောက်ချင်ယောင်ဆောင်ပြီးဓာတ်ပုံတွေရိုက်တယ်။ ဘယ်က ခေါ်လာမှန်းမသိတဲ့ လူတွေကို ပအိုဝ်းဝတ်စုံတွေလည်း ဝတ်ခိုင်းထားတယ်။ ပြည်သူလူထုတွေအနေနဲ့ မယုံကြပါနဲ့၊ မြို့ပေါ်၆ရပ်ကွက်လည်း စစ်ကောင်စီဖျက်ဆီးနေတာ ပျက်ဆီးနေပြီ၊ အဲ့ဒါကြောင့်ပြည်သူတွေ အခြေနေမကောင်းဘဲ မြို့ထဲ မဝင်ကြပါနဲ့ ကျတော်တို့ ထုတ်ပြန်ချက်ကိုပဲစောင့်ကြည့်ပါ”ဟု ခွန်ရိန်းယံက ပြည်သူလူထုအား မေတ္တာရပ်ခံထားသည်။
ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားသည်မှာ ၂လကျော်ခန့်ရှိပြီးနောက် စစ်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကာ ၎င်းတို့နေအိမ်များသို့ ပြန်လည်နေထိုင်ပြီဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
“ ကျတော်တို့ စစ်ရှောင်နေရတာ ၂လလောက်ရှိပါပြီ၊ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ထွက်လာရတာ၊ ကျတော်တို့ အိမ်တွေလည်း ရှိချင်မှ ရှိတော့မှာပါ၊ မြို့လည်း တော်တော်ပျက်စီးနေပြီလို့ကြားတယ်။ ပြန်လည်းမပြန်ရဲသေးပါဘူး။ တိုက်ပွဲကဖြစ်နေတုန်းပဲလေ၊ စစ်တပ်ရဲ့စကားလည်း အယုံအကြည်မရှိပါဘူး”ဟု ဒေသခံစစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့အပါဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် နှစ်လအတွင်း ဒေသခံပြည်သူ ၄၇ ဦးအထိ သေဆုံးခဲ့ရကြောင်း ပအို့ဝ်လူငယ်အဖွဲ့အစည်း Pa – O Youth Organization အဖွဲ့က ပြီးခဲ့တဲ့မတ်လ ၄ ရက်က သတင်းထုတ်ပြန်ခဲ့သေးသည်။



