မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း လောင်းကစားဝိုင်းပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းချခြင်း၊ သုံးစွဲခြင်းများကို တားမြစ်ကြောင်းနှင့် တားမြစ်ချက်ကို မလိုက်နာပါက ထိရောက်စွာဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ၂၉ရက်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လောင်းကစားဝိုင်းပြုလုပ်နေခြင်းနှင့် မူးယစ်ဆေးဝါးရောင်းချခြင်း၊ သုံးစွဲခြင်းများကြောင့် အခြားရာဇဝတ်မှုများ ဆက်စပ်ဖြစ်ပွားလာသည်ကိုတွေ့ရသည့်အတွက် လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါးပပျောက်စေရန် ဂန့်ဂေါမြို့နယ်ပကဖနှင့် ဂန့်ဂေါမြို့နယ်အခြေစိုက် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ စီမံချက်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဂန့်ဂေါမြို့နယ်ပအဖတာဝန်ရှိသူတစ်ဦးက MPAကိုပြောသည်။
“ လောင်းကစားဝိုင်းပဲဖြစ်ဖြစ်၊ မူးယစ်ဆေးပဲဖြစ်ဖြစ် ဒီကာလမှာ ဖမ်းဆီးအရေးယူတဲ့အခါမှာ ပကဖတွေ၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့အားတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေလည်းလိုတယ်။ အဲ့ဒါကြောင့် ကျတော်တို့စကားပြောဆို ညှိနှိုင်းဆောင်ရွက်နေတယ်ပေါ့နော်၊ ကျတော်တို့ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ တဆင့်ချင်းချထားတာတွေရှိပါတယ်။ မိခဲ့ရင် ဥပဒေအတိုင်းပဲ စနစ်တကျလုပ်ဆောင်သွားပါမယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီအာဏာသိမ်းပြီးခါစ ၂၀၂၁ ခုနှစ်တွင် ကလေးမြို့နယ်အစပ်နှင့် ဂန့်ဂေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးရောင်းချခြင်း၊ သုံးစွဲခြင်းများ မြင့်တက်ခဲ့ဖူးပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် စနစ်တကျထိန်းချုပ်နိုင်ခဲ့သည်။
“ ကျတော်တို့အခုနောက်ပိုင်း စစ်ရေးကိုအဓိကအာရုံစိုက်နေတဲ့အချိန်မှာ စီးပွားရေးသမားတွေ၊ ဝိသမလောဘသမားတွေကနေပြီးတော့ ဖြန့်ဝေလာတဲ့အပိုင်းလေးတွေကို ကျတော်တို့ထပ်ပြီးတော့ကြားလာရတယ်။ ဒါပေမဲ့ တွင်တွင်ကျယ်ကျယ်ကြီး လုံးဝသုံးစွဲနေကြတာတော့မဟုတ်ပါဘူး။ အသံလေးတွေထွက်လာတဲ့အတွက်ကြောင့် ပြည်သူတွေနစ်နာမှုမများခင် ကြိုတင်ပြီးတော့ ဆောင်ရွက်မယ့်သဘောပါ” ဟု မြို့နယ်ပအဖ တာဝန်ရှိသူက ဆက်ပြောသည်။
ယခုနှစ်ပိုင်းမှစ၍ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများ၏ ဘုရားပွဲနှင့် ပျော်ပွဲရွှင်ပွဲများတွင် ခြောက်ကောင်ဝိုင်းများထည့်သွင်းလာကြခြင်းဖြစ်သည်ဟု ဂန့်ဂေါမြောက်ပိုင်းဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
“ ခြောက်ကောင်ဝိုင်းတွေကတော့ ဒီနှစ်မှ စလုပ်ကြတာ၊ ဘုရားပွဲမှာ လုပ်ကြတာ။ ကြိုလုပ်ကြတာတွေလည်းရှိတယ်။ ဘုရားပွဲပြီးတာတောင် လုပ်နေကြတာလည်းရှိတာပါ့။ သူတို့ဆိုင်ရာ ပကဖတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးရတယ်။ ဖဲဝိုင်းတွေကတော့ ခိုးလုပ်ကြတာရှိကြမှာပါ့။ ခြောက်ကောင်ဝိုင်းတွေတော့ ဒီနေ့တောင်ရှိတယ်” ဟု ၎င်းကပြောသည်။
ယင်းအပြင် ပုလဲမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် ကျေးရွာအချို့တွင်လည်း ဂျင်ဝိုင်းနှင့်ကြက်ဝိုင်းများ လုပ်ဆောင်မှုများရှိနေကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။