မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူ ၃၆ဦးကို မတ်လ၂၉ရက်တွင် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း ပထမအသုတ် အဓမ္မစစ်မှုထမ်းရန် ၇၅ဦး ခွဲတမ်းချခံရပြီး ယင်း၇၅ဦးအ နက် ၃၆ဦးကို စစ်သင်တန်းတက်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ မတ်လ၂၉ရက်၊မွန်းလွဲ၂ နာရီ အရောက် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
“စခ တွေ သောက်သောက်လဲသေနေတာရော တိုက်ပွဲဖြစ်တဲ့နေရာတွေ များ၊များလာတာကြောင့်ရော ပေါ့။ မင်းအောင်လှိုင်က ဘယ်လောက်ယုတ်မာသလဲဆိုရင် ဘာမှမသိတဲ့ အရပ်သားတွေကို မြန်မြန် စစ်သင်တန်းပေးပြီး မြန်မြန်ရှေ့တန်းပို့ဖို့ အခုဖုတ်ပူမီးတိုက် လူအမြန်ပို့ခိုင်းတာ။မြန်မြန်အသေခံခိုင်း သလိုပဲ” ဟု ၎င်းကပြောသည်။
စစ်သင်တန်းပေးမည့်နေရာနှင့် စစ်သင်တန်းကာလကိုမူ မသိသေးသော်လည်း ဆေးအောင်၊မအောင် စစ်ဆေးခြင်းမရှိဘဲ စစ်သင်တန်းပို့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုချောင်းဆုံက သွားရတဲ့သူတွေက ရပ်ရွာက ငွေပေးဌားရတာ။ အခု ပထမအသုတ် ၇၅ဦးထဲမှာ ချောင်းဆုံသားက ၂၀ရာခိုင်နှုန်းလောက်ပေါ့။ကျန် ၈၀က ချောင်းဆုံမှာ လာအလုပ်နေကြတဲ့ ဧရာဝ တီတိုင်းနဲ့ ပဲခူးတိုင်းကလူတွေ”ဟု ချောင်းဆုံအနောက်ပိုင်းရပ်ကွက်သားတစ်ဦးကပြောသည်။
စစ်သင်တန်းပို့ရန် ကျန်ရှိသည့် ၃၉ဦးကို လာမည့်သင်္ကြန်အပြီးတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် သို့ ထပ်မံမို့ဆောင်ရမည်ဟု သတင်းထွက်ပေါ်နေကြောင်း ချောင်းဆုံအုပ်ချုပ်ရေးဝန်ထမ်းက ဆိုသည်။
“စစချင်းက မတ်၂၇က ညွှန်ကြားချက်ဝင်တယ်။ ၃၀ရက်မှာ ရတခ ပို့ရမယ်ဆိုပြီး။ ပြီးတော့မှ ၂၉ ရက်နေ့အရောက် ၃၆ယောက်ပို့ဖို့ ထပ်ညွှန်ကြားလာတယ်။ ဘယ်လောက်ထိ လူလိုနေသလဲဆို တာ အဲဒါကိုသာ ကြည့်တော့” ဟု ၎င်းကပြောသည်။
ချောင်းဆုံမြို့နယ်အတွင်း စစ်တပ်ထဲ အဌားလိုက်သည့်ပေါက်ဈေးမှာ ကျပ်သိန်း၃၀ မှ သိန်း၅၀ အထိ ဖြစ်ကြောင်း သိရသည်။