ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ KIA တပ်မဟာ ၃ နယ်မြေ၊ ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်း၊ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီတပ်၏ ယောယုံဗျူဟာကုန်းနှင့် ဖလန်းဘွမ်တပ်စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ယနေ့ (မတ် ၂၈ ရက်) တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနတွင် ဖော်ပြထားသည်။
“ ယော်ယုံကို မနက် ၁၁ နာရီခွဲလောက်က ရသွားတာ၊ လေယာဥ်တွေလဲ အဆက်မပြတ်ဘဲ၊ တချို့လည်း နီးစပ်ရာနေရာကို ရှောင်နေကြတယ်။ ဖလန်းဘွမ်ဆိုတဲ့ စခန်းကိုလဲ ရသွားတယ်” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ယမန်နေ့ (မတ် ၂၇ ရက်) တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လော့မွန်၊ ရှန်တိုင်းနှင့် ဘန်ယောင်းတပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ယနေ့ (မတ် ၂၈ ရက်)တွင် ယော်ယုံဗျူဟာကုန်းနှင့် ဖလန်းဘွမ်တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယောယုံဗျူဟာကုန်စခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၂ ဟောင်ဝှစ်ဇာ အမြှောက်နှစ်လက်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရှိရသော်လည်း KIA အနေဖြင့် သီးခြားထုတ်ပြန်ထားခြင်းမရှိပေ။
လက်ရှိတွင် လွယ်ဂျယ်နှင့် မိုင်ဂျယန်မြို့ပေါ်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် မိုင်ဂျယန်မြို့အနီးရှိ ဗန်းမော် စကခ ၂၁(အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်)မှ ဗျူဟာမှူးဦးစီးသည့် စိန်လုံဗျူဟာကုန်းသာ ကျန်ရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။
“ စိန်လုံဗျူဟာကုန်းကို ရသွားရင် ဗန်းမော်က စစ်ကောင်စီတပ်တွေပဲ ကျန်တော့တယ်။ အဲ့ဒီ့ စိန်လုံတောင်ကနေလည်း လက်နက်ကြီးတွေ လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဘက်ကို လျှောက်ပစ်တာ” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဖော်ဆောင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲများတွင် လိုင်ဇာမြို့အနီးတဝိုက်တွင်သာမက မြစ်ကြီးနား – ဗန်းမော်နှင့် ဗန်းမော် – လွယ်ဂျယ်လမ်းပိုင်း၊ မံစီ မိုးမောက်၊ ဝိုင်းမော်၊ ဖားကန့်နှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်သည်။


