ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ထိုးစစ် ဆင်ရန် စစ်ကောင်စီတပ်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရန်ကုန်ရှိ စစ်တပ်အသိုင်းအ၀န်းမှ သတင်းရရှိသည်။
အဆိုပါ မွန်၊ ကရင် ဒေသသို့ ယခု ၁၀ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ် ရင်းများမှ စစ်သည်များ စေလွှတ်ခဲ့ရာမှ ဖာပွန် ဒေသသို့ ပြင်ဆင်နေကြောင်း သိရသည်။
“ မနေ့က ဖုန်း အဆက်အသွယ်ရတော့ သူ ဖာပွန်ရောက်နေပြီပြောတယ်။ သူတို့ ရှေ့တန်းဆက်သွားတော့မယ်ပြောတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ တပ်တခု၏ မိသားစုဝင်တဦးက MPAသို့ ပြောသည်။
ကရင်ပြည်နယ်ဖာပွန်ခရိုင် (မူတြော်ခရိုင်) အတွင်းနှင့် နယ်စပ်ဒေသတချို့တွင် လေယာဉ်ပျံသန်းမှုများ ပိုစိပ်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေရှိလာမည်ကို ဒေသခံတွေက စိုးရိမ်နေကြကြောင်း ဒေသခံအရင်းအမြစ်က ဆိုသည်။
မြန်မာစစ်တပ်အနေဖြင့် လုံခြုံရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ထိန်းချုပ်နိုင်ရန် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးအား ယခုလကုန်ထိ တိုးမြှင့်သတ်မှတ်ထားသော်လည်း တိုင်းရင်းသားလက် နက်ကိုင်များ ထိန်းချုပ်ရာဒေသများတွင် စစ် အင်အားတိုးချဲ့နေကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး KNUသည် NCA စာချုပ်တွင်လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်အဖွဲ့တခုဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေ ပြီး စစ်တပ်လက်အောက်ခံ BGF နှင့် DKBAတို့ဖြင့်လည်း သဘောထားကွဲလွဲမှုများ ရှိနေကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း KNUတပ်ရင်းများမှ PDF များအား စစ်ရေးလေ့ကျင့်ပေးနေသည်ဟု မြန်မာစစ်တပ်မှစွပ်စွဲထားပြီး KNUတပ်ရင်းများနှင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖာပွန် ဒေသသို့ စစ်အင်အားအများအပြားစေလွှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။