စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို PDF ပူးပေါင်းတပ်က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၁၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်ရှိ စစ်သားများ တပ်စွဲထားသော မြို့မရဲစခန်းနှင့်အထွေထွေအုပ် ချုပ်ရေး မှူးရုံးတို့ကို မတ်လ၂၇ရက် တွင် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၃ ကြောင်းခွဲ၍ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်ကသတင်း ထုတ်ပြန်သည်။
မတ်လ ၂၇ ရက်၊ နံနက် ၈နာရီခွဲဝန်းကျင်မှ မွန်းလွဲ ၁ နာရီခွဲခန့်အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PDF ပူးပေါင်းတပ်ထဲတွင် ပါဝင်သည့် 96 Soldiers- PDF အညာဒေသတပ်ခွဲ ထံကသိရသည်။
“ကျနော်တို့ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတိုက်တာ။ရဲစခန်းနဲ့ထွေအုပ်မှာ ထွေအုပ်က အင်အားပိုများတယ်။အနားထိတော့ ကျနော်တို့ မကပ်နိုင်ပါဘူး။စခန်း ၂ ခုစလုံးက ၄၀(၄၀ – မမ) တွေ၊လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာတွေရှိပါတယ်။လက်နက်ကြီး၊လေကြောင်းပစ်ကူတော့ မရှိဘူးဗျ။စစ်ကူလည်းမလာဘူး။ကျည်မလုံလောက်မှုတွေကြောင့် ပြန်ဆုတ်လာခဲ့ရတာပါ” ဟု ကျားသစ်နက်တပ်မတော် မှ တာဝန်ခံ ကိုဥက္ကာ ကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ကျနော်တို့ ဒီမနက် စကောက်သတင်းအရ ရဲစခန်းက ၈ ယောက်သေတယ်။ထွေအုပ်ရုံးက ၃ ယောက်သေပြီးတော့ ၅ ယောက်ဒဏ်ရာရတယ်လို့ သတင်းရတယ်။အဲ့ဒီ ၃ ယောက် ထွေအုပ်ရုံးနားမှာ မြေမြှုပ်ဖို့လုပ်နေတယ်လို့ သိရတယ်”ဟု 96 Soldiers- PDF အညာဒေသတပ်ခွဲ မှ စစ်ရေးတာဝန်ခံ ရဲဘော် မန္တလေးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်၊ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း၊ပခုက္ကူခရိုင်တပ်ရင်း၁၅၊ကျားသစ်နက်တပ်မတော်(မြိုင်တပ်ခွဲ)၊တိုးနယားအဖွဲ့၊ယင်းမာပင်ခရိုင်တပ်ရင်း-၁၂၊ယင်းမာပင်ခရိုင်တပ်ရင်း-၂၉ ဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့၊တို့အညာပြောက်ကျားတပ်ဖွဲ့၊96 Soldiers -PDF အညာဒေသတပ်ခွဲနှင့် Scarlet တပ်ဖွဲ့ တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။