မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များမီးကူးစက်လောင်ကျွမ်းနေကြောင်း ကျေးရွာဒေသခံများထံမှသိရသည်။
ယနေ့ မတ်လ ၂၇ ရက်၊ ညနေ ၄ နာရီခန့်တွင်စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဓမ္မသရွာရှိ နေအိမ်များမီးလောင်ကျွမ်းနေခြင်းဖြစ်ပြီး ညနေ ၆ နာရီခွဲကျော်အထိမီးငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
“ ဒီမှာ မီးကဆက်တိုက်လောင်နေတာ မီးသတ်ကားလဲမရှိဘူး။ စစ်တပ်ကပစ်တယ်လေ၊ အဲ့ဒါပြီးလောင်တာပဲ မီးသတ်ကားလဲပေးမဖြတ်ဘူး “ ဟု ဓမ္မသကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးကဆိုသည်။
အဆိုပါ ဓမ္မသကျေးရွာသည် အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ ရွာကြီးဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်ခြေထက်ဝက်ခန့်အထိမီးကူးစက်နေပြီး ငြှိမ်းသတ်ရန်ခက်ခဲနေသေးကြောင်းသိရသည်။
အဆိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေများကို MPA ကဆက်လက်စုံစမ်းလျက်ရှိသည်။



