မကွေးတိုင်း၊ ပေါက်မြို့ အနီးရှိ ရွာ၂ရွာကို စစ်တပ်က ၃ ရက် ဆက်တိုက် မီးရှို့ နေကြောင်း သိရသည်။
မတ်လ ၂၄ ရက်နေ့မှ စ၍ပေါက်မြို့နယ်၊ အုန်းတော တောင်စုနှင့် မြောက်စုရွာကို စစ်တပ်က မီး ရှို့ခဲ့ခြင်း ဖြစ်ပြီး ယနေ့( မတ်လ ၂၆ ရက်) ည ၇ နာရီ ခန့်အထိ အုန်းတော မြောက်စု ကျေးရွာမှာ မီးလောင်နေဆဲ ဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ ၂၄ ရက်နေ့က အုန်းတော မြောက်စု က ၂ အိမ်လောက်ပဲ ရှို့သွားတာ နေ့ခင်း ၂ နာရီလောက်မှာ။ မနေ့ (မတ်လ ၂၅ ရက်) က လည်း အုန်းတော တောင်စု ကို ထပ်ရှို့ တယ် ။သေနတ်တွေလည်း ရမ်းသန်းပစ်တယ် ။အ ခု ဒီနေ့လည်း မြောက်စု ကို ထပ်ရှို့နေတာ ခုထိ မီးမငြိမ်းသေးဘူး” ဟု ပေါက်အခြေပြု တော်လှန်ရေး အင်အား စု( ဗိုလ်တစ္ဆေ တပ်ဖွဲ့ ) တာ၀န်ခံ ဗိုလ်တစ္ဆေ က ပြောသည်။
စစ်သားနှင့် ပျူစောထီးများက အုန်းတော တောင်စုရွာတွင် တပ်စွဲ ထားသည်မှာ ၅ လ နီးပါး ရှိပြီ ဖြစ်ပြီး မတ်လ ၂၄ ရက်၊ နံနက် ၁၁ နာရီ ၀န်းကျင်၌ ဒေသခံတော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာ ၂ရွာစလုံးကို မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။
“ ၂၄ ရက်နေ့ မှာ သူတို့အုန်းတော မြောက်စု ကို ကင်းပတ်နေတုန်း ကျနော်တို့ ကင်းပုန်း၀ပ် အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ထိတွေ့ကတော့ မကြာခဲ့ဘူး ။ ကျနော်တို့ ရဲဘော်တွေထက် ကင်းပတ်တဲ့ အင်အား များနေတော့ တန်းဆုတ်ခဲ့တယ်။ ရဲဘော်တွေတော့ အထိအခိုက် မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။
ထိတွေ့ တိုက်ပွဲ အတွင်း စစ်သား ၁ ဦး သေဆုံးခဲ့ပြီး အလောင်းအား ပြန် လာကောက်စဉ် အနီးရှိ နေအိမ်များအား စတင် မီးရှို့ခဲ့ခြင်းဖြစ်သည်။
အုန်းတော တောင်စုရွာတွင် အိမ်ခြေ ၁၆၀ ကျော် ရှိပြီး စစ်တပ်က ၁၂ ကြိမ်ထက် မနည်း မီးရှို့ ခဲ့ခြင်းကြောင့် အိမ်ခြေ ဆယ်ဂဏန်းသာ ကျန်တော့ကြောင်း ဒေသခံအချို့ထံက သိရသည်။
အုန်းတော မြောက်စု ကျေးရွာမှာလည်း အိမ်ေခြ ၁၄၀ နီးပါး ရှိပြီး ၂၀၂၃ ခုနှစ်အတွင်းကလည်း ၁ ကြိမ် မီးရှို့ ခံခဲ့ရသေးကြောင်း သိရသည်။
“ ကျနော်တို့ ရွာ( အုန်းတော မြောက်စု) ကတော့ မနေ့ကနဲ့ ဒီနေ့ရောဆို ၃ ကြိမ် ရှိပြီပေါ့။ အရင် ပထမ တစ်ခါ က ၅အိမ်လောက်ပဲ။အ ခုကတော့ ညနေ ၅ နာရီလောက်ကနေ ခုထိ ပဲ တစ်ရွာလုံး ကို ပါသွားလောက်ပါတယ်” ဟု အုန်းတော မြောက်စုရွာ မှ စစ်ရှောင် ပြည်သူ တစ်ဦးက ပြောသည်။
အုန်းတော တောင်စု ကျေးရွာနှင့် မြောက်စု ကျေးရွာတို့တွင် စစ်သား များ တပ်မစွဲ ခင်ကတည်းကပင် ပေါက်မြို့ နှင့် နီးကပ်နေသောကြောင့်ဒေသခံတို့မှာ ကျေးရွာအတွင်း၌ မနေရဲဘဲ နီးစပ်ရာ တောနှင့် ချောင်းစပ်များ အတွင်း တဲ ထိုး၍ နေကြကြောင်း သိရသည်။