ပြီးခဲ့သည့် မတ်လ ၁၉ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီထိန်းချုပ်နယ်မြေတစ်ခုမှ စစ်မှုထမ်းရန် မဲပေါက်သည့် မိသားစုတစ်စုသည် စစ်မှုမထမ်းလိုသဖြင့် လာရောက်ခိုလှုံခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်က ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းရန် ကြိုးစားနေသည့် စစ်ကောင်စီသည် မတ် ၁၃ရက်မှစတင်ကာ ကျေးရွာအုပ်စုများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံသို့ စစ်မှုထမ်းစာရင်း ကောက်ယူခြင်းနှင့် မဲနှိုက်ခြင်းများပြုလုပ်ရန် စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
“ မဲပေါက်လို့ စစ်မှုမထမ်းချင်ဘူးဆိုပြီး ဒီဘက်ကို ပြီးခဲ့တဲ့တစ်ပတ်က မိသားစုတစ်စု ရောက်လာပါတယ်။ ဘယ်ဒေသ က ရောက်လာလဲဆိုတာကို ကျန်ခဲ့တဲ့ သူတို့မိသားစုတွေ လုံခြုံရေးအရ မပြောနိုင်ဘူး။ လာမယ်ဆိုပြီး ဆက်သွယ်ထားတဲ့လူတွေတော့ အများအပြားရှိပါတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ဝင်တစ်ဦးက MPA ကို ပြောသည်။
ထိုကဲ့သို့ ပုလဲပအဖထံ ဆက်သွယ်လာသော ပြည်သူအများစုသည် ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း ၊ နေပြည်တော်တို့မှ ဖြစ်ပြီး၊ ပုလဲမြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းရန် ခက်ခဲကြောင်း ၎င်းကဆက်ပြောသည်။
“ ပုလဲမြို့ပေါ်မှာက လူငယ်လူရွယ်မရှိသလောက်ဘဲ၊ နောက်ပြီး သူတို့မှာက ပျုရွာနှစ်ရွာရယ် ၊ အခြေစိုက်စခန်းတွေရယ်ပဲ ကျန်တာဆိုတော့ ဒီဥပဒေကို အကောင်အထည်ဖော်ဖို့ ခက်မှာပါ ” ဟု ၎င်းကပြောသည်။
ထွက်ပြေးလာသည့် မိသားစုကို လတ်တလောအနေဖြင့် ငွေကျပ် ၅၀၀၀၀၊ အဝတ်အစားများ၊ ပုဆိုး၊ ထဘီ၊ ခြင်ထောင်များ ထောက်ပံ့ပေးခဲ့ကြောင်း ပုလဲမြို့နယ် လူသားစာနာတာဝန်ခံကပြောသည်။
“ ရေရှည်အတွက်ကတော့ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းက ရှိသင့်သလောက် ရှိပါတယ်ဗျ။ ဒီပေါ်မှာ ကြီးကြီးငယ်ငယ် လုပ်နိုင်ဖို့လိုတာပေါ့။ ကျတော်တို့တွေရယ် ၊ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေနဲ့ တိုင်ပင်ပြီး ပြင်ဆင်ထားတာရှိပါတယ်။ ဒီဥပဒေမပြဌာန်းခင် ဟိုးအရင်ထဲက လာခိုလှုံတဲ့သူတွေရှိတော့ ဒီလိုပဲ စီမံပေးထားတာ။ အခုလဲ အတူတူပါပဲ” ဟု ၎င်းကပြောသည် ။
လက်ရှိနိုင်ငံအဝန်းရှိ ပြည်သူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။