ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ ကုန်းလောကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၈၇ တပ်ရင်းကို ယနေ့ (မတ် ၂၆ ရက်)၊ မနက်ပိုင်းတွင် KIAက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ မနေ့က (မတ် ၂၅ ရက်)မှာ ၃၈၇ နဲ့ ၃၂၀ ကို ထိုးစစ်ဆင်တာ၊ ဒီမနက်မှာ ၃၈၇တပ်ရင်းကို သိမ်းလိုက်နိုင်တယ်။ လေယာဥ်တွေကလည်း မပြတ်ဘူး။ Y – 12 နှင့် Y – 8 တွေ တောက်လျှောက်လာပြီးကြဲနေတာ၊ အခု ၃၂၀တပ်ရင်း ကို ဆက်တိုက်နေကြတယ်” ဟု မိုးမောက်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ခမရ ၃၈၇ တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းပစ္စည်းများနှင့် နှစ်ဘက်ထိခိုက်မှုများကို MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
လက်ရှိတွင် မိုးမောက်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် KPDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး၊ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြုနေသောကြောင့် အရပ်သားထိခိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
“ တချို့လမ်းတွေဆို စစ်ကောင်စီတပ်ဘက်က လမ်းပိတ်တာတွေရှိတယ်။ ဗန်းမော် – လွယ်ဂျယ်လမ်းဆိုလည်း ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ပဲ” ဟု ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၂၁ ရက်တွင်လည်း စစ်ကောင်စီတပ်၏ နွမ့်လန်အခြေစိုက် ခမရ ၄၃၈ တပ်ရင်းနှင့် ခမရ ၆၁၆ ဒုံးတပ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး၊ မတ် ၂၃ ရက်တွင် နောင်ကွန်အခြေစိုက် အမြောက်တပ်ရင်း ၃၇၀ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်နိုင်ခဲ့သည်။