သြဂုတ်လဆန်းက စစ်ရေးအခြေအနေ တင်းမာနေသည့် ကယားပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၅,၀၀၀ နီးပါး ထပ်တိုးလာကြောင်း စစ်ဘေးရှောင်များအတွက် ကူညီပေးသူများထံမှ သိရသည်။
ကယားပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သောမေလ တတိယအပတ်မှ စတင်ပြီး ဇွန်လအထိဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အိုးအိမ်စွန့်ခွာ၍ စစ်ရှောင်ရသူ တစ်သိန်းငါးသောင်းကျော်ရှိသည်။
ယခုတိမ်းရှောင်ခဲ့ရသူ ၅ ထောင်နီးပါးမှာ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဖယ်ခုံမြို့နယ်မှ ရွာများ၊ ဒီမော့ဆိုးမြို့နယ်ရှိ ရွာများက ပြည်သူများ အများဆုံး စစ်ဘေးရှောင်ခဲ့ရခြင်း ဖြစ်သည်။
ယင်းအတွက် စစ်ဘေးရှောင် စုစုပေါင်း တသိန်းခွဲ ကျော် အထိ ရှိနေပြီး အချို့မှာ တောတောင်များအတွင်း အဆင်ပြေသလို ပုန်းအောင်း နေထိုင်ရပြီး ဒုက္ခသည်စခန်းလို သီးသန့်ဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် စစ်ဘေးရှောင်များကို ကူညီပေးသူများမှာ စာရင်းအတိအကျ ကောက်ခံ၍ မရသေးပေ။
“ဒီတစ်လအတွင်းမှာ အသစ်ထပ်ရှောင်တဲ့ လူတွေပိုများလာတယ်။ အရေ အတွက် ဆိုရင် ၅၀၀၀ နီးပါး တိုးလာတယ်” ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်ဘေးရှောင်များအနေဖြင့် တောတောင်များထဲတွင် အခက်အခဲများစွာဖြင့် စစ်ဘေးရှောင်နေရပြီး အစားအသောက်နှင့် ဆေးဝါးပစ္စည်းများကို နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်းမှ အလှူရှင်များ၊ အဖွဲ့စည်းများမှ အလှူငွေများဖြင့် ရပ်တည်လျက်ရှိနေသည်။
ကယားပြည်နယ်တွင် စစ်တပ်က လူထုအပေါ်တွင်ဖိနှိပ်မှုများပြုလုပ်ခဲ့သည့်အတွက် သြဂုတ်လဆန်းပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်ရက်ခန့်မှစတင်ပြီး သြဂုတ်လ၂၀ရက်နေ့အထိတိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း လက်ရှိကယားပြည်နယ်၏ စစ်ရေးအခြေအနေမှာ တင်းမာနေသောအနေအထားတွင်ရှိသည်ဟုသိရသည်။
ကယားပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိနေသော တိုက်ပွဲများတွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် မြို့နယ်အလိုက်ဖွဲ့စည်းထားသော(PDF) အဖွဲ့များပူးပေါင်းပြီးတိုက်ခိုက်နေကြခြင်းဖြစ်သည်။
#ကယား #စစ်ရှောင် #IDP #MPA