ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ KIA တပ်မဟာ ၃ နယ်မြေ၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအခြေစိုက် ခလရ ၄၇ တပ်စခန်းနှင့် လွယ်ခမ်းဗျူဟာတပ်စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ယနေ့ (မတ် ၂၄ ရက်) တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ မိုင်းခေါင်တပ်စခန်းက အင်အား ၅၀ လောက်ရှိတဲ့ ရှေ့တန်းတပ်စခန်း တစ်ခုပါ၊ ဒီမနက် ၁ နာရီက စခန်းစွန့်ပြီး မံစီဘက်ကို ထွက်သွားတာ” ဟု ဒေသခံနှင့် နီးစပ်သူ မံစီမြို့ခံတစ်ဦးက MPA သို့ ပြောသည်။
အလားတူ အင်အား ၁၅၀ ခန့်ရှိ လွယ်ခမ်းဗျူဟာတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ (မတ် ၂၄ ရက်)၊ မနက် ၂ နာရီခန့်တွင် စခန်းအားစွန့်ခွာသွား၍ သေနတ်ပစ်ဖောက်ခြင်းမပြုဘဲ KIAက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
“ စခန်းစွန့်သွားတဲ့ တပ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေ မံစီမြို့နဲ့ ဗန်းမော်မြို့ပေါ်ကို ဆုတ်သွားတာ၊ စစ်ကောင်စီတပ်မှာက အင်အားနည်းနေပြီ။ မနေ့ည (မတ် ၂၃ ရက်) ကလည်း စင့်ကင်ရွာနားမှာလည်း သေနတ်သံတွေ ကြားကြတယ်” ဟု ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၂၃ ရက်၊ ည ၁၁ နာရီခန့်တွင်လည်း မံစီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာအနီးရှိ ယန်ဝူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကိုက်ထိပ်၊ မဂျီဂုန်၊ စီခမ်းကြီး၊ ဘလောင်ဒိန်ဆာ၊ ဂေါင်ငူယာန်နှင့် မန့်ဝိန်းကြီးတပ်စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ရရှိထားသည်။