မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ပထမအသုတ် စစ်မှုထမ်းရန် ခွဲတမ်းကျသော ၇၅ဦး ကို ရပ်ရွာ အလိုက် ငွေဖြင့် ဌားရမ်းနေကြရကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း ရပ်ရွာအလိုက် အဓမ္မ ခွဲတမ်းချခံရသော စစ်မှုထမ်းရမည့် အရေအတွက်ကို ရပ်ရွာ အတွင်းရှိ ပြည်သူများက အချိုးကျထည့်ဝင်ကာ ဌားရမ်းနေရပြီး အနည်းဆုံးကျပ်သိန်း၃၀မှ အများဆုံး သိန်း၅၀အထိ ပေါက်ဈေးရှိကြောင်း ချောင်းဆုံမြို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံက သိရသည်။
“ခရိုက်သစ်ရွာဆိုရင် စစ်တပ်ထဲ လိုက်မယ့်လူက သိန်း၅၀ ပေးရမယ်ဆိုလို့ ရွာသားတွေ အချိုးကျ စိုက်ပြီး ပေးရတယ်။တချို့ရွာတွေက သိန်း၃၀၊သိန်း၄၀ အစားစားပဲ။ရွာတိုင်းကတော့ ဒီတစ်သုတ်မှာ ဌားကြတာချည်းပဲ။ရွာတွေက စစ်မှုထမ်းဖို့ ခွဲတမ်းကျတာ တစ်ရွာနဲ့ တစ်ရွာမတူဘူး။ ၂ယောက်ခွဲတမ်းကျတဲ့ရွာက ၂ယောက်ဌားပေါ့” ဟု ချောင်းဆုံမြို့အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက ပြော သည်။
ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းက ၎င်းအတွက် ငွေရှာပေးနိုင်သော ရပ်ကျေးအုပ်ချုပ် ရေး မှူး တို့၏ ရွာကို စစ်မှုထမ်းရန် ခွဲတမ်း ၁ဦးသာ ချပေးပြီး ၎င်းအတွက် ငွေမရှာပေးနိုင်သော ရွာ များ အား စစ်မှု ထမ်းရန် ခွဲတမ်းပိုချပေးနေကြောင်း သိရသည်။
“တချို့ရွာက ရွာသေးတယ်။ဒါပေမဲ့၊ဇော်နိုင်ဝင်းကို ငွေမရှာပေးနိုင်တော့ စစ်မှုထမ်းဖို့ ၂ယောက်ပေးရ တယ်။တချို့က ရွာကြီးပေမဲ့ ၁ယောက်ပဲပေးရတယ်။ နောက်ဆိုရင် ကိုယ့်ရွာ ခွဲတမ်းနည်းဖို့ ဇော်နိုင် ဝင်းကို ငွေပေးရမယ့်သဘောဖြစ်နေတယ်။ ဇော်နိုင်ဝင်းဆိုတာက ငတ်ပြတ်နေတဲ့ ခွေးဝဲစားတစ် ကောင်လိုပဲ၊ ငွေ ကို အမြဲတမ်းဆာလောင်နေတဲ့ကောင်” ဟု ၎င်းက ဆက်လက်ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ရွာများသည် မိမိရွာ၌ စစ်တပ်ထဲ ဝင်လိုသူရှိပါက ၎င်းကို ဌားရမ်းကြ ပြီး စစ်တပ်ထဲ ဝင်လိုသည့် ရွာသားမရှိပါက အခြားရပ်ရွာများမှ လိုက်လံဌားကြကြောင်း ချောင်းဆုံ အနောက်ပိုင်းရပ်ကွက်နေ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ကျနော်တို့ ချောင်းဆုံမှာ လယ်စာရင်းဌားတို့ ရေလုပ်သားတို့ပေါ့။ပဲခူးတိုင်းနဲ့ အညာဘက်က လာလုပ်သူတွေရှိတယ်။ သူတို့လည်း စစ်တပ်ထဲ အဌားလိုက်ကြတယ်။ အရင် ၁၉၈၀ခုနှစ်လောက် ကပေါ်တာတွေလိုပဲ၊ရွာတွေက စရိတ်စိုက် လွှတ်၊ပေါ်တာတွေက လစ်တာနဲ့ ပြေး။အခုလည်း စစ်ထဲ လိုက်မယ့်ကောင်တွေ လစ်တာနဲ့ ပြေးမယ်လို့ ပြောနေကြတယ်” ဟု ၎င်းကပြောသည်။
ယင်း၇၅ဦးသည် ပထမအသုတ်အဖြစ် မေလတွင် စစ်သင်တန်းတက်ရမည်ဖြစ်ပြီး သင်တန်းကာလ ၄လကြာမည်ဟုသိရကြောင်း ချောင်းဆုံမြို့အုပ်ချုပ်ရေးဝန်ထမ်းက ဆိုသည်။
“မေလမှာ မော်လမြိုင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို သွားရမယ်။အဲကနေ ဘယ်ကိုလွှတ်ပြီး သင်တန်းပေးမလဲတော့မသိဘူး။အခု ၇၅ဦးစာရင်းကို တနင်္လာနေ့(မတ်လ၂၅ရက်)မှာ မြို့နယ်ထွေ အုပ်ဆီကို အပြီးတင်ရမယ်” ဟု ၎င်းကပြောသည်။
ဒုတိယအသုတ် စစ်မှုထမ်းခေါ်သည့်အခါ မဲနှိုက်သည့်စနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး မဲပေါက်ပြီး စစ်ထဲ မဝင်ချင်သူက ကိုယ့်ဘာသာ လူဌားရှာရမည်ဖြစ်ကြောင်း သိရသည်။
“အိမ်မှာ လူရှိရှိ၊မရှိရှိ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေလည်း စာရင်းထဲပါရင် အိမ်ကကျန်ခဲ့တဲ့လူက မဲ နှိုက်။ မဲပေါက်ရင် ကိုယ့်ဘာသာ လူဌားခေါ်။လူဌားမခေါ်နိုင်ရင် ဘာလုပ်မလဲတော့ မသိသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ အရွယ်ရောက်သော လူငယ်အများစုမှာ ထိုင်းနှင့် မလေးရှားတို့၌ အလုပ် လုပ်ကိုင်နေကြသဖြင့် ရပ်ရွာများတွင် မရှိကြကြောင်းသိရသည်။