ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည့် ထန်းတစ်ပင်မြို့၊ ဇရပ်ကြီးမြို့နှင့် တောင်ငူကျေးရွာများမှာ စစ်ဘေးရှောင် နှစ်သောင်းနီပါးအတွက် အရေးပေါ် ဆန်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
တောင်ငူမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ရှောင်အများစုသည် ထန်းတစ်ပင်မြို့နယ် ဇရပ်ကြီးမြို့များမှ ဖြစ်ပြီး စစ်ရှောင်နေရသည်မှာ ၂လနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကပြောသည်။
“ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ရက်နေ့က တိုက်ပွဲတွေဖြစ်လို့ ဒီကို(တောင်ငူမြို့)ရောက်လာတာ၊ ဧပြီ ၇ရက်နေ့ဆိုရင် ၂လပြည့်ပြီလေ၊ ကြာလာတော့လည်း လှူဒါန်းမဲ့သူနည်းလာတယ်။ အဓိကလိုအပ်တာက ဆန်ပေါ့၊ အခုကျတော်တို့လည်းရှိသမျှ ကိုမျှတပြီးပေးနေရတာ၊ လူများတဲ့ အိမ်ထောင်စုတွေဆို နပ်မှန်အောင် ချက်မစားရဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် မတ် ၂၂ရက်တွင်လည်း တောင်ငူမြို့၊ နဂါးမောက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် အဆိုပါကျေးရွာမှ ပြည်သူ ၃၀၀နီးပါးသည် စစ်ရှောင်စခန်းများသို့ ထပ်မံရောက်ရှိလာကြောင်း စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးကပြောသည်။
“ ပရဟိတ အသင်းတွေလာခေါ်ကြတယ်။ မကျည်းကုန်းကလူတွေလည်း ထွက်ပြေးလာတဲ့အထဲမှာပါတယ်။ မနေ့က တစ်နေကုန်မစားရဘူး။ ဒီရောက်မှ ပရဟိတ အကိုတွေ၊ အမတွေကူညီလို့စားရတာ၊ အခုကျမတို့နေဖို့ ကူညီပေးတဲ့ ညီမတစ်ယောက်အိမ်မှာတင် လူ ၈၀လောက်ရှိတယ်။ ဒီနားက ဘုရားမှာဘဲ လူ ၁၀၀လောက်ရှိတယ်။ ဘာမှယူမလာရဘူး လေ၊ ဘယ်တော့ပြန်ရမလဲမသိဘူး။ ကူညီနိုင်တဲ့အလှူရှင်တွေအနေနဲ့ ဆန်အိတ်လေးတွေ ကူညီပေးစေချင်တယ်” ဟု ၎င်းက တိုက်တွန်းပြောသည်။
လက်ရှိ တောင်ငူမြို့နယ်တွင် စစ်ရှောင်စခန်း ၃၀နီးပါးရှိပြီး ဘုန်ကြီးကျောင်း၊ ဘာသာရေးကျောင်းများတွင် နေထိုင်ရ ကြောင်း ဇရပ်ကြီးမြို့၊ ဂွအိုင်ကျေးရွာမှ အသက် ၄၀အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
“ဒီက လူတွေက(ပရဟိတအသင်းများ) အားတက်သရော အကုန်ကူညီကြပါတယ်။ အဝတ်အထည်တွေ၊ စောင် ၊ခြင်ထောင်၊ ဆေးဝါးက အစအကုန်ကူညီပေးတယ်။ ရေမရှိလည်း ရေတွင်းတူပေးတယ်။ ရေမောင်းပေးတယ်။ နေမကောင်းတဲ့ သူတွေကိုလည်း ဆေးလာထိုးပေးတဲ့ အဖွဲ့တွေရှိတယ်။ အစားအသောက်ကတော့ ချွေတာစားရတာပေါ့၊ ကလေးတွေပဲ နပ်မှန်အောင်ကျွေးရတာ၊ လူကြီးတွေကတော့ တစ်နေ့ တစ်နပ် လောက်ပဲ စားရတဲ့အခါတွေ ရှိတယ်“ဟု အထက်ပါ အမျိုးသမီးက ရှင်းပြသည်။
တောင်ငူမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူများထဲ၌ ဗုံးနှင့် မိုင်းစထိမှန်ပြီး ကျန်းမာရေးကုသနေရသည့် စစ်ရှောင်ပြည်သူ ၅ဦးထက်မနည်းရှိပြီး၊ ပြီးခဲ့သည့် မတ် ၁၈ရက်တွင် မိုင်းစထိမှန်ထားသည့် စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။






