တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မိုက်ခရိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းကို ဒေသခံ တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး သွားကြောင်း သိရသည်။
မတ်လ ၂၂ ရက်၊နံနက် ၁၁ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲနှင့်ဘန်ဂလာကျေးရွာကြားရှိ အင်အား ၃၀ ဝန်းကျင်ခန့် တပ်စွဲထားသည့် မိုက်ခရိုဝေ့တာဝါတိုင်စစ်တပ်စခန်းကုန်းကို KTLA (Kaw Thoo Lei Army) နှင့် ဘုတ်ပြင်းမြို့နယ်(ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ ကြောင်းဘုတ်ပြင်းမြို့နယ်ပကဖ ထံက သိ သည်။
“ဒီတာဝါတိုင်စခန်းကုန်းကို ဝင်တိုက်တဲ့အချိန်မှာ လေညှာဂိတ်စခန်းကနေ ၁၂၀၊၈၀(လက်နက်ကြီး)တွေနဲ့ပစ်ကူပေးနေတဲ့ကြားက ဝင်တိုက်တာပါ။စခန်းကိုတက်သိမ်းတော့ စစ်သားအလောင်း ၁လောင်းတွေ့တယ်။ကျန်တာက သွေးကွက်တွေတော့များတယ်။လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိပါတယ်”ဟု ဘုတ်ပြင်းမြို့နယ်ပကဖ- Flying Star Forceမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
ဝင်ရောက်စီးနင်းခံရပြီးနောက် တာဝါတိုင်စခန်းကုန်းမှစစ်သားများသည် ၅မိုင်ခန့်အကွာရှိ ခမရ- ၅၆၀နှင့်၅၅၉ တပ်ရင်းဘက်သို့ ဦးတည်ထွက်ပြေးသွားကြောင်းသိရသည်။
“ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတုန်းမို့ အကျအဆုံးက ၁ ယောက်ပဲသိရသေးတယ်။ သွေးကွက်တွေတော့ များတယ်။ဒဏ်ရာရလည်း များမယ်ထင်တယ်ဗျ။ကျနော်တို့က ဒီစခန်းကို အရင်ကတည်းက သွေးတိုးစမ်းနေတာ။လက်နက်ကြီးပစ်ကူက ဘယ်လောက်အကွာထိကျနိုင်လဲ၊ ဒီလိုတွက်ချက်ပြီး အပိုင်ဝင်တိုက်တာပါ။အဓိက ဦးဆောင်တာကတော့ KTLAဒုတပ်ရင်းမှူး ဗိုလ်ကီးဒို က ဦးဆောင်တာပါ” ဟု တိုက်ပွဲဝင် PDF ရဲဘော် တစ်ဦး ကပြောသည်။
အဆိုပါ စခန်းကုန်းမှ ၆၀(မမ)စိန်ပြောင်း ၁ လက်၊MA-4 နိုင်းတွဲ ၁ လက်၊MA-3 ၂ လက်၊မော်တာကျည် ၃၆ တောင့်၊၆၀(မမ)ဗုံးသီး ၄၂ လုံး၊MA-3/Ma-4 ကျည် ၂၀၄၀ ၊လက်ပစ်မိုင်းသီး/ကစ်သီး ၅ စုံ၊လက်ပစ်ဗုံး ၃ လုံး၊တိုက်မိုင်း/ကစ် ၅ စုံ၊MA-3/MA – 4 ကျည်ဘောက် ၁၅ ခု၊လက်ကိုင်ဖုန်း ၃ လုံး၊ဓါး ၆ ချောင်း၊ကျည်ကာ ၁ စုံ၊အီကွေ့မန့် ၃ စုံ၊စစ်ရေဗူး ၁ လုံး၊ စစ်ကျောပိုးအိတ် ၁ လုံးနှင့် စကားပြောစက်အားသွင်းခုံ ၁ ခုတို့သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ယင်းစခန်းကို တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ် လေညှာ – မဏ္ဍိုင် တံတားကြီးဂိတ်စခန်းမှ ၁၂၀(မမ)နှင့်၈၀(မမ)လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်သား သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။