မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့(မတ် ၂၂ရက်)က ရွာမြောက်ဘက်တွင် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့သည်ဟု မြိုင် ပကဖက ယနေ့(မတ် ၂၃ရက်)တွင် ထုတ်ပြန်ထားသည်။
“ တွင်းမက ထွက်လာတဲ့စစ်ကြောင်းကို မိုင်းပွိုင့်သုံးပွိုင့်နဲ့ နှစ်ကြိမ်စောင့်ဆွဲတာ၊ နှစ်ယောက်သေတယ်။ ဒဏ်ရာပြင်းထန် သုံးယောက်ရှိတယ်” ဟု မြိုင် ပ.က.ဖ တာ၀န်ခံ ဗိုလ်လက်ျာကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် စစ်သားများနှင့် ဒဏ်ရာရရှိခဲ့သူများကို ထမ်းစင်ဖြင့် တွင်းမပျူရွာသို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းသည်လည်း ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားကြောင်း မြေပြင်တွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
“ မိုင်းစဆွဲတော့ စစ်သားတွေက ပတ်ပြေးနေတာ၊ ပြီးတော့မှ ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို ရွာထဲပြန်သယ်သွားကြတယ်” ဟု ၎င်းကပြောသည်။
အထက်ပါစစ်ဆင်ရေးကို မြိုင်(ပကဖ)တပ်ရင်း-၁ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)ဂဠုန်၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Mying Warriors တပ်ဖွဲ့၊ MRDFတပ်ဖွဲ့၊ KMDF (ကမ္မတပ်ပေါင်းစု)၊ PDF Kamma(ကမ္မတပ်ပေါင်းစု)နှင့် ပေါက်(ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင်လည်း ပခုက္ကူတပ်မ ၁၀၁ မှ ကမ္မမြို့ဘက်သို့ထွက်လာသော စစ်ကား ၄စီးကို တော်လှန်ရေးအဖွဲ့များက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦးသေဆုံးခဲ့သေးသည်။