ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့တွင် ယမန်နေ့(မတ် ၂၂ရက်)က ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် အမျိုးသား ၂ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှပ်ဲပီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးရိုက်နှပ်ခံရသည့် စစ်ဘေးရှောင် အမျိုးသား ၂ဦးသည် ဆီဆိုင်မြို့၊ သီရိရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး၊ ဇန်နဝါရီလတွင် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေသူများဖြစ်သည်။
“ စစ်ဘေးရှောင်တွေက ရိက္ခာကုန်သွားကြတယ်။ စားစရာလည်းမရှိတဲ့အခါ မြို့ထဲပြန်ဝင်သွားတာဖြစ်တယ်။ မနေ့က ပြန်သွားတဲ့နှစ်ယောက်လည်း ရိုက်ခံရတယ်။ ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။
ထို့ပြင် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်များတွင် ဖော်ပြသည့် သတင်းများကြောင့် ဘေးကင်သည်ဟုထင်ပြီး ၂လ အတွင်း ဆီဆိုင်မြို့သို့ပြန်ကာ ရိက္ခာယူသည့် ပြည်သူ ၆၀ကျော်သည်လည်း ပျောက်ဆုံးနေကြောင်း သိရသည်။
“ ကျမတို့အကိုနဲ့လည်း အခုထိ အဆက်အသွယ်မရသေးဘူး။ လူကြီးတွေက တားလို့မရဘူး။ အိမ်ပြန်ချင်ကြတယ်။ တချို့လိုင်းပေါ်တွေ့တဲ့သတင်းကို ယုံပြီးတော့ ပြန်သွားကြတာ၊ ပြန်လည်းမလာဘူး။ ဘယ်ရောက်သွားမှန်းလည်း မသိဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိ ဆီဆိုင်မြို့ ဒေသခံများသည် မြို့အရှေ့ဘက်ရှိ လွယ်တဖီးတောင်ခြေ၊ မြို့အနောက်ဘက်ရှိ ရွှေဟင်္သာဘုရားအနီး၌ ခိုလှုံနေရကြောင်းလည်း သိရသည်။
ထို့ပြင် ဆီဆိုင်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လက်ကြီး၊ ဒရုန်းနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများကြောင့် မြို့၏ ၃ပုံ ၂ပုံခန့် ပျက်စီးနေကြောင်းလည်း ဒေသခံများက ဆိုသည်။
“ လူထုကိုပြောချင်တာက ကျတော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်စေချင်တယ်။ သတင်းတု၊ သတင်းအမှားကို လည်း သတိထားစေချင်တယ်။ ဘာလို့လဲဆိုတော့ ဆီဆိုင်မှာက နေ့တိုင်း တိုက်ပွဲတွေဖြစ်နေပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက MPA ကိုပြောသည်။
ပအိုဝ်းဒေသဖြစ်သည့် ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့များတွင် ၂လတာတိုက်ပွဲအတွင်း ကလေး ၁၀ဦးအပါအဝင် အရပ်သား ၄၉ဦးသေဆုံးပြီး၊ ၆၄ဦး ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် အဆောက်အအုံ ၄၂၉ လုံးပျက်စီးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYOက မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် PNLA တို့အကြား တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိပြီး ၎င်းတို့အနက် လူဦးရေ နှစ်သောင်းသုံးထောင်သည် ကရင်နီပြည်နယ်မှ ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်တွင် ရှမ်းပြည်နယ်သို့ စစ်ရှောင်လာသူများဖြစ်သည်။



