ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နွမ့်လန်ကျေးရွာအနီး၊ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ နောင်ကွန်အခြေစိုက် အမြောက်တပ်ရင်း ၃၇၀ ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် (မတ် ၂၁ ရက်)၊ မနက် ၇ နာရီမှစ၍ စစ်ကောင်စီတပ်၏ နွမ့်လန်အခြေစိုက် ခမရ ၄၃၈ တပ်ရင်း၊ ခမရ ၆၁၆ ဒုံးတပ်စခန်းနှင့် နောင်ကွန်အမြှောက်တပ်ရင်း ၃၇၀ တို့ကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ၊ မတ် ၂၁ ရက် ညနေ ၅ နာရီခွဲတွင် နွမ့်လန်အခြေစိုက် ခမရ ၄၃၈ တပ်ရင်းနှင့် ည ၇ နာရီတွင် ခမရ ၆၁၆ ဒုံးတပ်ရင်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး၊ ယနေ့ (မတ် ၂၃ ရက်)၊ မနက် ၇ နာရီခန့်တွင် နောင်ကွန်အခြေစိုက် အမြောက်တပ်ရင်း ၃၇၀ ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ၂၁ ရက်ကတည်းက ဝင်တိုက်နေတာ၊ လက်နက်ကြီး၊ လက်နက်ငယ်အပြင် ဒရုန်းတွေလည်း အသုံးပြုတယ်။ လေယာဥ်တွေကလည်း ဘယ်နှစ်ခါမှန်းကို မသိဘူး။ မိုးမောက်မှာ တပ်စခန်းတွေ ကျန်သေးတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
လက်ရှိတွင် မိုးမောက်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် KPDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး၊ စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူများ အသုံးပြုသောကြောင့် အရပ်သားထိခိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
“ မိုးမောက်နယ်ထဲက မိုးဘုန်းနဲ့ သာစည်ရွာမှာတော့ စစ်ကောင်စီတပ်စခန်းတွေ ကျန်နေသေးတယ်။ မြို့သစ်ရွာနားက စလောင်းကုန်း(တာဝါတိုင်ကုန်း)မှာလည်း တိုက်ပွဲဖြစ်နေတယ်။ ဗန်းမော်မြို့နဲ့ကတော့ နီးနေပြီလေ” ဟု မိုးမောက်ဒေသခံတစ်ဦးက ဆိုသည်။
“ ဗန်းမော်မှာက စခက ၂၁ (စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) ကျရင် စစ်ကောင်စီတပ်က ကျပြီ၊ မြို့ထဲက ခလရ ၄၇ အပါအဝင် စစ်တပ်တွေနဲ့ ကပစ(ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ)ကလည်း အင်အားမရှိတော့ဘူး” ဟု ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ ယနေ့ (မတ် ၂၃ ရက်) အထိ မိုးမောက်မြို့နယ်အတွင်းရှိ တပ်စခန်း ၁၅ ခုခန့်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ရရှိထားသည်။