ကရင်နီ (ကယား) ပြည် တစ်ခုလုံးအတိုင်းအတာအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် ဧရိယာမှာ ၉၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်- KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောသာအဲလ်စိုးက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့မြို့နယ်အလိုက် အခြေစိုက်ထားသော တပ်ရင်းများနှင့် တပ်ရင်းဧရိယာတစ်ဝိုက်လောက် သာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေမျိုးမှာသာရှိကြောင်း သိရသည်။
“၃ နှစ်တာအတွင်းမှာ တပ်ဖွဲ့တွေ အပြင်းအထန် စစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့ရတယ်။၂၀၂၁ ခုနှစ်မှာတော့ ခံစစ် သဘောနဲ့သွားတယ်။ ၂၀၂၂ -၂၃ မှာတော့ တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်တယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ မှာ ထိုးစစ်အနေနဲ့ ပြန်ပြီးတော့ တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် မြို့တွေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့တာပေါ့၊ မြို့နယ်တွေမှာ စစ်ကောင်စီကင်းစင်နယ်မြေတွေ ဖြစ်လာခဲ့တယ်။ စခန်းကုန်းတွေ တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု စောသာအဲလ်စိုးက ပြောသည်။
၂၀၂၃ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့သည့် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနှင့် မော်ချီး၊ မိုးဗြဲ စသော မြို့(၆)မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး၊ စစ်ကောင်စီမှ စွန့်ခွာသွားသည့် စခန်း (၁၆) ခုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်၏ ယနေ့ ထုတ် ပြန်ချက်အရ သိရသည်။
ထို့ပြင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီ၏တပ်စခန်းများမှာ လွိုင်ကော် မြို့နယ်တွင် စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြို့နယ်တွင် စခန်း(၁၃) ခု၊ ဖားဆောင်မြို့နယ်တွင် စခန်း(၉)၊ ဘောလခဲမြို့ နယ်တွင် စခန်း(၅)ခု ၊ ရှားတောမြို့နယ်တွင် စခန်း(၇)ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇) ခုနှင့် မယ်စဲ့မြို့နယ်တွင် (၁)ခု၊ ဖရူဆိုမြို့နယ်တွင် (၁)ခု စုစုပေါင်းတပ်စခန်း(၆၅) ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မယ်စဲ့နဲ့ ရှားတောမြို့နယ် ပြီးတော့သံလွင်အရှေ့ဘက်ခြမ်းဆို လုံးဝ စစ်ကောင်စီကင်းစင်တဲ့နယ်မြေဖြစ်သွားပြီ၊ ဒီလိုနယ်မြေတွေမှာကတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ သက်ဆိုင်ရာအင်အားစုတွေ အစုအဖွဲ့တွေက နေပြီး အုပ်ချုပ်ရေးတွေ စတင်ဖွဲ့စည်းနေတာတော့ရှိပါတယ်” ဟု ၁၁၁၁ စစ်ဆင်ရေးတွင်ပါဝင်သည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
၁၁၁၁ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များမှာ ခန့်မှန်းချေအရ ၄၀၀ ဝန်းကျင်ရှိပြီး၊ အဆိုပါ စစ်ဆင် ရေးအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းမှာ ထောင်ချီရှိကြောင်း KNDF ထံမှ သိရသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေ အများအပြားရှိတယ် တပ်ဖွဲ့တွေအားလုံးရဲ့ ကျဆုံးမှုကိုတော့ အတိအကျ ပြန်လည် မချုပ်နိုင်သေးဘူး။ လက်နက်သိမ်းဆည်းရမိတာကလည်း ထောင်ချီရှိတယ် သူလည်းပဲ ထို့နည်းတူစွာပဲ တပ်ဖွဲ့တွေ က အသီးသီးရှိတဲ့အတွက် စာရင်းပြုစုဖို့ကတော့ အခက်အခဲနည်းနည်းရှိပါတယ်” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောသာအဲလ်စိုးက ဆိုသည်။
လက်တလောတွင် တိုက်ပွဲဖြစ်နေသည့် စစ်ဇုန်နှင့် စစ်ကောင်စီတပ်စခန်းရှိနေသည့် ဇုန်များမှာ ၁၀ ရာခိုင်နှုန်း ရှိနေပြီး အဆိုပါနေရာများတွင် နေ့စဉ်နှင့် အမျှ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ကြောင်း တော်လှန်ရေး ရဲဘော်များထံမှ သိရသည်။