ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပျက်စီးသွားသည် နေအိမ် ၄၂၁လုံးကို ပြန်လည်ထူထောင်နိုင်ရန် အတွက် TNLA က ကျပ်သိန်း ၄၀၀၀ကျော်ထောက်ပံ့ပေးခဲ့ကြောင်း ယနေ့(မတ် ၂၂ရက်)တွင် ထုတ်ပြန်ထားသည်။
TNLA က ထောက်ပံ့ကြေးပေးအပ်ခဲ့သည့် မြို့များသည် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့နယ်များဖြစ်ကြောင်း သိရသည်။
“ တစ်အိမ်နဲ့ တစ်အိမ်တော့ မတူဘူး။ ပျက်စီးသွားတဲ့ တန်ဖိုးပေါ်မူတည်ပြီး ထောက်ပံ့ပေးတယ်ပေါ့၊ လုံး၀မီးလောင်ပြာကျလို့ အိမ်တွေကိုတော့ အိမ်ဆောက်လို့ကုန်ကျစရိတ်အကုန်ပြန်ပေးတယ်” ဟု နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ထူထောင်ရန်အတွက် PSLF/TNLA အုပ်ချုပ်ရေးဌာနမှ ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနှင့် တာဝန်ရှိသူများက မြို့နယ်အလိုက် ထိခိုကကာယကံရှင် မိသားစုများထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ လုံး၀ပြန်ပြင်လို့မရတော့ဘူး။ မီးလောင်ပြာကျတဲ့အိမ်ဆိုရင် ကျတော်တို့က Aအဆင့်လို့သတ်မှတ်ပေးထားတယ်။ တိုက်အိမ်ဆိုရင်လည်း သိန်း၅၀၀ကုန်ကျတယ်ဆို ကုန်ကျသလိုထောက်ပံ့ပေးတယ်။ Bကတော့ လက်နက်ကြီးထိလို့ ပျက်စီးသွားတဲ့ အိမ်ကိုသတ်မှတ်ထားတာ၊ ပြန်ပြင်ရမှာလည်း ကုန်ကျစရိတ်များမယ့် ဟာမျိုးပေါ့နော်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ယေဦးကပြောသည်။
လက်ရှိတွင် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့နယ်များကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပြီး လာမည့်အပတ်အတွင်း မိုင်းလုံနှင့် ကွတ်ခိုင်မြို့များကို ဆက်လက်ထောက်ပံ့ပေးသွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များကိုလည်း သတ်မှတ်ထားသည့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်ထားသည်။
TNLA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီး တရားဥပဒေစိုးမိုးရေးနှင့် မြို့တွင်း စီမံကိန်းများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း TNLA ထံမှ သိရသည်။