စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း ၅ကြိမ်မိုင်း ဆွဲခံရပြီး ၁၆ဦးသေဆုံးကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ်၊ တပ်မ- ၃၃မှထွက်လာသော စစ်ကား ၄စီးကို မတ်လ ၂၀ရက်၊ ညနေ ၅နာရီ ၅၅မိနစ်ခန့်တွင် ပတ်လည်မိုင်း ၄လုံးဖြင့် ၁ကြိမ်၊ ညနေ ၅နာရီ ၅၇မိနစ်ခန့်တွင် ရှေ့ထွက်မိုင်း ၃လုံးဖြင့် ၁ကြိမ်နှင့် ညနေ ၆နာရီခန့်တွင်ရှေ့ထွက်မိုင်း ၃လုံးဖြင့် ၁ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA က သတင်းထုတ်ပြန်သည်။
“ ညနေဘက်ဆွဲတာက ထိတာကတော့ ထိထိမိမိတွေချည်းပဲထိတာ။ ကားထိုးရပ်တာတွေတော့မရှိဘူး။ တန်းမောင်းသွားတယ် “ ဟု Brave Heart Army – BHA မှသတင်းပြန်ကြားတာဝန်ခံကပြောသည်။
ထို့နောက် ည ၉နာရီမိနစ် ၄၀ခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ချောင်းဦးသို့ ပြန်ထွက်လာသော စစ်ကား ၄စီးကို ည ၁၀နာရီ ၁၀မိနစ်ခန့်တွင် မိုင်း ၄လုံးဖြင့် ၁ကြိမ်နှင့် ည ၁၀နာရီ ၁၁မိနစ်ခန့်တွင် မိုင်း ၄လုံးဖြင့် ၁ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
“ ကျနော်တို့ မြောက်ဘက်ပွိုင့်က ပထမဆုံးအစီးကိုဆွဲတာ။ ကျနော်တို့ပွိုင့်က ပထမဆုံးအစီးကို မဆွဲဘူး လွှတ်ပေးလိုက်တာ။ ပထမအစီးဆွဲခံရပြီး ထိုးရပ်သွားချိန် ကျနော်တို့က ဒုတိယစီးကို ဆက်ဆွဲလိုက်တော့ အချင်းချင်းဝင်တိုက်ကြတာ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုများတွင် စစ်သား ၁၆ဦးသေဆုံးကြောင်း အတွင်းသတင်းများအရ သိရှိရပြီး ပျက်စီးသွားသည့် ကားများကိုလည်း မုံရွာ နမခ ထဲသို့ ကရိန်ကားဖြင့် ပြန်ဆွဲသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မိုင်းဆွဲခံရသဖြင့် အထိနာကာ အော်ဟစ်သံများကြားရပြီး သေနတ်ဖြင့် ဆက်တိုက်ရမ်းပစ်မှုကြောင့် မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းဘေးနေ ပြည်သူများ ညတွင်းချင်းထွက်ပြေးခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ မိုင်းဆွဲခံရပြီး ကား ၂စီးက အချင်းချင်းတိုက်မိကြတာ။ တစ်ဝက်ကျော်လောက်ကို ထိသွားတာထင်တယ်။ အော်ဟစ်သံတွေလည်း ကြားနေရတာ။ ပြီးတော့ သေနတ်တွေလည်း တရပ်စပ်ပစ်တော့ အဲ့နားကရွာတွေက ကြောက်ပြီး ညတွင်းချင်းထွက်ပြေးကြရတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို Brave Heart Army – BHAအဖွဲ့နှင့် Chindwin Fighter Group – CFG အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။