ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ စစ်ရှောင်အမျိုးသား ၂ ဦးသေဆုံးသွားကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်ကသတင်း ထုတ်ပြန်ထားသည်။
ယနေ့(မတ်၂၂ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ်၊လအိကျေးရွာရှိ ဆေးရုံကို တောင်ငူလေတပ်စခန်းမှ Mi G29 ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား၁ ဦးနှင့် အသက် ၁၆ နှစ်ဝန်းကျင်ရှိ လူငယ်တစ်ဦးတို့ ဗုံးထိ သေဆုံခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ လအိဆေးရုံကို စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲသွားတာ လတ်တလောသိရတာက စစ်ရှောင် ၂ ဦးသေတယ်။ဆေးရုံအဆောက်အအုံကတော့ ၆၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်”ဟု ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လေကြောင်းတိုက်ခိုက်ခံရသည့် လအိကျေးရွာနှင့်အနီးဝန်းကျင် ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းလည်းသိရသည်။
“လေယာဥ်က ၁ စီတည်းကိုပဲ ၄ ကြိမ် ဗုံးကြဲတာ။၁ ကြိမ်နဲ့ ၁ ကြိမ် မကြာဘူး။လှည့်ပတ်ပြီး ကြဲတာ။၁ခါကြဲရင် ပေါင် ၅၀၀ ဗုံး၂ လုံးကြဲတာ။ စစ်ရှောင် ၂ ဦးသေတယ်။သူတို့က ဆေးရုံနဲ့မလှမ်းမကမ်းက အိမ်မှာနေတာဗျ။ထိခိုက်မှုတော့ စာရင်းအရမရှိသေးဘူး။ကျနော်တို့ သတင်းကြိုရထားလို့ ဆေးရုံကလူနာတွေရော ပစ္စည်းတချို့ကိုရော ကြိုရွှေ့ထားခဲ့တာပါ” ဟု Karenni Hope မှ ကိုသားကြီး ကပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် လအိဆေးရုံအဆောက်အအုံစုစုပေါင်း၏ ရာခိုင်နှုန်း၆၀ ခန့်ပျက်စီးခဲ့သော်လည်း ကြိုတင်ရွှေ့ပြောင်းထားခြင်းကြောင့် လူနာနှင့်ပစ္စည်းများ ထိခိုက်မှုမရှိပေ။




