တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ပြည်သူများလှူဒါန်းထားသည့် ထိုင်းဘတ် ၃ သိန်းနီးပါး(မြန်မာငွေကျပ်သိန်း ၃၀၀ ဝန်းကျင်)ကို ထောက်ပို့အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တောင်ပံနီ(ခ)မနွယ်နီအား လက်နက်ခဲယမ်းဝယ်ခိုင်းရာမှ အလှူငွေများ လိမ်လည်သွားသဖြင့် အဖွဲ့မှထုတ်ပယ်လိုက်ကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
တောင်ပံနီ(ခ)မနွယ်နီသည် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထောက်ပို့အဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်၊နှစ်ကုန်ပိုင်းမှစတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများဝယ်ခိုင်းရာ ၁ နှစ်ကျော်ကြာသည်အထိ လက်နက်ခဲယမ်းတစ်စုံတစ်ရာ ရောက်ရှိလာခြင်းမရှိဘဲ လိမ်ညာထွက်ပြေးသွားခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူကို(မနွယ်နီ) ပထမတစ်ခါ ဘတ် ၁ သိန်းကျော်ဖိုး လက်နက်ဝယ်ခိုင်းသေးတယ်၊ အဲဒီ အခေါက်အဆင်ပြေတယ်။ အခုနောက်တစ်ခါလက်နက်ဝယ်ဖို့ ဘတ် ၂၉၄၃၀၀ လွှဲပေးလိုက်တယ်၊ ငွေလွဲပြီးအဆက်အသွယ်ရသေးတယ်။ လက်နက်ခဲယမ်းတွေပို့လိုက်မယ်၊ နယ်စပ်ဘက်ရောက်နေပြီဆိုပြီ နှစ်ခါပြောတယ်။ ဒုတာဝန်ခံသွားစောင့်ယူတာ ပထမတစ်ခါမရောက်လာဘူး။ အဆက်အသွယ်ရလို့မေးတော့ သူပို့ခိုင်းထားပြီးပြီ ပို့မဲ့လူကမပို့သေးဘူးလို့ပြောတယ်။ ဒုတိယအကြိမ်လည်းဒီလိုပဲပြောလို့ ဒုတာဝန်ခံပြန်တက်ယူတယ် ရောက်မလာဘူး။ လူလည်းငှက်ဖျားမိပြီး မစောင့်နိုင်လို့ ပြန်လာခဲ့ရတယ်၊ နောက်မေးကြည့်တာ သူမှာထားတဲ့လူကပစ္စည်းတွေအဖမ်းခံရသလိုလို ဘာလိုလိုအကြောင်းပြတယ်၊ အချိန်တစ်နှစ်ကျော်ကြာသွားတာ၊ အဲဒါကြောင့် အဖွဲ့က ထုတ်ပစ်တာပါ” ဟု ၎င်းကရှင်းပြသည်။
လက်နက်ဝယ်ရန်ပြည်သူများ လှူဒါန်းထားသည့်ငွေကြေးများ ယခုကဲ့သို့ဆုံးရှုံးသွားသဖြင့် အလွန်စိတ်မကောင်းဖြစ်ရပြီး ပြည်သူများအား အနူးညွတ်တောင်းပန်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ပြည်သူတွေချွေးနဲစာနဲ့လှူဒါန်းထားတဲ့ငွေတွေ ဒီလိုဆုံးရှုံးမှုဖြစ်သွားတာ ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို အနူးအညွတ်တောင်းပန်ပါတယ်။ နောက်ပိုင်းဒီလိုမဖြစ်အောင် လက်နက်ခဲယမ်းဝယ်ယူရေးကို သေချာလမ်းကြောင်းချိတ်ဆက် စီစစ်မှုတွေလုပ်ပြီး ငွေပေးချေစနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ လှူဒါန်းငွေတွေအလေအလွင့်မရှိအောင်လည်း သေချာကျပ်မတ်ဆောင်ရွက်နေပါတယ်။ကျွန်တော်တို့ အဖွဲ့အနေနဲ့ လစဥ် ဝင်ငွေ၊ ထွက်ငွေ စာရင်းရှင်းတမ်းပုံမှန်လုပ်ဆောင်ထားပါတယ်၊ အချိန်မရွေးပြည်သူကိုချပြနိုင်ဖို့ပါ”ဟု ၎င်းကဆိုသည်။
ထောက်ပို့အဖြစ်မှ ထုတ်ပယ်ခံလိုက်ရသည့် မနွယ်နီသည် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နာမည်သုံး၍ ပြည်သူများထံ ဆက်လက်အလှူခံမှုများရှိနေကြောင်း အဆိုပါအဖွဲ့ရှိ ရဲဘော်တစ်ဦးက ပြောသည်။
“အဲဒီလို အလှူခံနေလို့ ကျွန်တော်တို့အဖွဲ့စာထုတ်ပြီး ထုတ်ပယ်လိုက်ရတာပါ။ ပြည်သူတွေသိအောင်ပေါ့။ အဲဒါမှသူအလှူမခံရဲတော့မှာ။ ကျွန်တော်တို့မှာထားတဲ့ လက်နက်တွေ မရခဲ့တာလည်းများစွာ စိတ်မကောင်းဖြစ်ရတယ်၊ ပြည်သူတွေလည်း စိတ်ပျက်မသွားဘဲ နောက်ထပ်ပံ့ပိုးကူညီကြပါ”ဟု ၎င်းက မေတ္တာရပ်ခံခဲ့သည်။
ယခု ထုတ်ပယ်ခံရသည့် မနွယ်နီသည် ယခင်ကတော်လှန်ရေးမီးအိမ်အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စည်ကမ်း အကြိမ်ကြိမ် ချိုးဖောက်ခြင်းကြောင့် တော်လှန်ရေးမီးအိမ်အဖွဲ့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က မနွယ်နီအားအဖွဲ့မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ငွေများလိမ်လည်သွားသူဟု စွပ်စွဲခံထားရသည့် မနွယ်နီကို ၎င်း၏လူမှုကွန်ရက်စာမျက်နှာအကောင့်မှတစ်ဆင့် MPA က ဆက်သွယ်မေးမြန်းထားသော်လည်း မတ်လ ၂၁ ရက်၊ ည ၈ နာရီအထိ ပြန်လည်ဖြေကြားခြင်းမရှိပါ။