ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ကျိုက်ဒုံမြို့အခြေစိုက် စစ်သားများ ထိုင်းနိုင်ငံထဲသို့ ဝင်ပြေးကြသည်မှာ ၇၄ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော မယ်သရောထစခန်း၊ဂျိုးဖြူပွိုင့်ချက်တောင်ကုန်းနှင့်ရေတံလျှောက်စခန်းတို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ၂ ရက်အတွင်း စစ်သား ၇၄ဦး ထိုင်းနိုင်ငံထဲသို့ ဝင်ပြေးသွားခြင်းဖြစ်သည်။
ယနေ့(မတ်လ၂၁ရက်) နံနက်ပိုင်းတွင် ကျိုက်ဒုံမြို့ စစ်ကောင်စီ၏ ရေတံလျှောက်စခန်းမှ စစ်သား ၂၆ ဦးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းစွန့်ကာ ထိုင်းနိုင်ငံ၊အုန်းဖန်မြို့၊ပိုင်ခလန်ကျေးရွာသို့ ထွက်ပြေးသွားကြောင်း Cloud Wings ထံက သိရသည်။
“ရေတံလျှောက်စခန်းရော၊မယ်သရောထစခန်းကိုရော ကျနော်တို့ ၁၅ ရက်နေ့ထဲက မြေပြင်ကရော၊ဒရုန်းနဲ့ပါ ချပေးနေတာပါ။အသေးစိတ်ကိုတော့ စစ်ဆင်ရေးပြီးရင် ထုတ်ပြန်ပေးပါ့မယ်”ဟု Cloud Wings မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်များဖြင့်ထွက်ပြေးသွားသည့် စစ်သားများကို ထိုင်းစစ်တပ်က လက်နက်များဖြုတ်သိမ်းကာ ထိန်းသိမ်းထားကြောင်း ထိုင်းစစ်ရေးသတင်းများဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာအချို့က ဖော်ပြသည်။
“ဒီကောင်တွေ ကြောက်လို့ပြေးကြတာ။နောက်ထပ် နယ်စပ်က စခန်းတွေလည်း မကြာဘူး၊ ပြေးကြဦးမယ်လို့ကြားတယ်။ကရင်အဖွဲ့ပေါင်းစုံကြိတ် မှာကြောက်လို့ထင်တယ်”ဟု KNLA ရဲဘော်တစ်ဦးကပြောသည်။
မတ်လ ၁၉ ရက်၊နေ့ခင်း ၁၂ နာရီဝန်းကျင်ကလည်း ကျိုက်ဒုံမြို့၊ မယ်သရောစခန်းကို စွန့်ခွာပြီး ဂျိုးဖြူပွင့်ချက် တောင်ကုန်းတွင် ခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်သား ၄၈ ဦးသည် လက်နက်များဖြင့် ထိုင်းနိုင်ငံ၊အုန်းဖန်မြို့၊ပိုင်ခလန်ကျေးရွာသို့ ထွက်ပြေးသွားခဲ့သေးသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ရေတံလျှောက်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ပထမဆုံးအကြိမ်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့ပြီး စက်တင်ဘာ ၁၇ ရက်၌ စစ်တပ်က သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးကာ ပြန်လည်တပ်စွဲထားခြင်းဖြစ်သည်။