စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ဝက်လူးအိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အဘွားအိုတစ်ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မတ်လ၂၀ရက်၊ ညနေ၅နာရီခွဲခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝက်လူးအိုင်ရွာမှ ဒေါ်ရွှေထုပ်(၇၆နှစ်)မှာ ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒေါ်တာမ(၆၅နှစ်)မှာ တင်ပါးဆုံအနီး ကျည်ထိမှန်ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း ဒေသခံအချို့ထံက သိရသည်။
“ ဂျက်ဖိုက်တာဆိုတော့ လာတဲ့အသံပဲ ကြားလိုက်ရပြီး မမြင်လိုက်ရပါဘူး။ခပ်မြန်မြန်ပဲ ဗုံးကြဲသွားပြီး ပြန်တက်သွားတာပါပဲ” ဟု ဝက်လူးအိုင်ရွာသားတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် ဗုံး၈လုံး ကြဲချခဲ့ရာ ဝက်လူးအိုင်ကျေးရွာအတွင်းရှိ နွားခြံ ပျက်စီးခဲ့ပြီး နွား ၄ကောင်နှင့် ဝက်များလည်း သေဆုံးခဲ့သေးသည်။
“ အကြောင်းမဲ့ လာပစ်ခတ်သွားတာ။ဘာတိုက်ပွဲမှတော့ မရှိဘူး။လှုပ်ရှားမှုလည်း မရှိပါဘူး။အရပ်သားတွေပဲ နေထိုင်တဲ့ရွာကို တမင်လာပစ်သွားတာပါ” ဟု Helping For Hends တာဝန်ရှိသူ မခင်ဝတီက ဆိုသည်။
လာရောက်ပစ်ခတ်သော ဂျက်ဖိုက်တာမှာ ကလေးမြို့အထိုင်တပ်မှ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုကြသည်။