ကရင်နီပြည်နယ်၊ ကျေးရွာတစ်ရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်း ပြန်တည်ဆောက်ရန် အကူအညီလိုအပ်နေကြောင်း သိရသည်။
ယင်းစာသင်ကျောင်းကို ပြည်တွင်း၊ပြည်ပ စေတနာရှင်တို့၏အားဖြင့် အသစ်ပြန်လည် တည်ဆောက်သွားမည်ဖြစ် ကြောင်း Clean Yangon (CY) က ထုတ်ပြန်ထားသည်။
“ အခုလက်ရှိ ကျောင်းဝင်းက အသုံးမပြုရဲကြတော့ပါဘူး။စိတ်ဒဏ်ရာတွေ ကိုယ်စီရနေကြတယ်။ ဆရာ၊ဆရာမတွေကလည်း ကျောင်းဝင်းရှေ့က ဖြတ်မလျှောက်ချင်တော့ဘူး။ကလေးတွေဆို ကျောင်းပြန်မတက်ချင်တော့ဘူးလို့ ပြောနေကြတယ်။ကျောင်းဆောင်သစ် ပြန်ဆောက်ဖို့ လိုနေတယ်” ဟု Clean Yangon တာဝန်ခံ ကိုဇေက MPA သို့ ပြောသည်။
ကျောင်းအဆောင် နှစ်ခုအနက် လေးခန်းတွဲအခန်းများပါသည့် မိုးကာအဆောင်တစ်ခုကို ကျေးရွာရှိ ရပ်မိရပ်ဖများက တာဝန်ယူဆောက်လုပ်လျက်ရှိသည်။
ကျန်တစ်ဆောင်ကို CYနှင့် ပြည်တွင်းပြည်ပရှိ စေတနာရှင်များ၏ ဝိုင်းဝန်ကူညီမှုဖြင့် စနစ်တကျ လုံခြုံအေးချမ်းသည့် ကျောင်းအဖြစ် တည်ဆောက်သွားရန် ရှိကြောင်း ကိုဇေက ပြောသည်။
“ ကလေးငယ်တွေအတွက် ကျောင်းကတော့ မရှိမဖြစ်လိုအပ်နေတယ်။ အရင်ကျောင်းကတော့ လုံးဝပျက်စီးသွားပြီ။ယာယီကျောင်းဆောင်လေးနဲ့ပဲ စာသင်နေကြတာပါ” ဟု ယာယီကျောင်းဆောင် ဖြစ်မြောက်ရေးအဖွဲ့ဝင်က ဆိုသည်။
ပညာရေးသည် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိနိုင်စေရန်နှင့် ဘေးကင်းလုံခြုံစွာ စာသင်ကြားပေးရန် ရည်ရွယ်ကြောင်း သိရသည်။