ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် သားအမိ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဒေသခံပြည်သူများထံက စုံစမ်းသိရှိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်နေသည့် စစ်ကောင်စီလက်နက်ကြီးကျည်သည် မတ်လ ၁၇ ရက်၊ ည ၇ နာရီအချိန်တွင် ခင်တန်းကြီးကျေးရွာရှိ ဒေါ်သက်သက်နေအိမ်ခြံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်သက်သက်အပါအဝင် သားအမိ ၃ ဦးလုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အသက် ၃၀ အရွယ် ရွာခံအမျိုးသမီးတစ်ဦးကပြောသည်။
“ဒေါ်သက်သက်ရော၊ သူ့သားနှစ်ယောက် စိုးပြည့်ဖြိုးအောင်နဲ့ စိုးပြည့်ထွေးအောင်ရော ဒဏ်ရာတွေရကုန်တာ၊ခြေထောက်တွေ၊ ဗိုက်တွေထိတယ်၊ ဆေးရုံတင်ထားရတယ်၊ ကလေးတွေက ၂၀ နှစ်ကျော်ကျော်လေးတွေပဲ ရှိသေးတယ်၊ ဒဏ်ရာတွေကများတယ်၊ စစ်တပ်ကပစ်တဲ့လက်နက်ကြီးလို့ပြောတယ်၊ ညမှောင်ခါစဆိုတော့ ဘယ်ကနေပစ်တာလည်းသေချာမသိရဘူး”ဟု ၎င်းက ရှင်းပြသည်။
စစ်တပ်အာဏာသိမ်းမှုကိုထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင် ယခုဖြစ်စဉ်အား တော်လှန်ရေး ရဲ ဘော်များဘက်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြနေကြသည်။
“ကျွန်တော်တို့ဘက်ကတော့ အဲဒီလို ပစ်ခတ်မှုမရှိပါဘူး။ ပြည်သူတွေတမင်အထင်လွဲအောင်ပြောဆိုနေတာပါ၊ စစ်တပ် ဂိတ်စခန်းတွေကို ခဏခဏတော်လှန်ရေးရဲဘော်တွေက ဝင်တိုက်နေတော့ ကြောက်လန့်တကြားနဲ့ ကျေးရွာတွေဘက်ရမ်းပစ်နေတာပါ၊ အဲဒီညက (မတ်၁၇) ကျိတ်ပုတီးရွာထဲလည်း တစ်လုံးကျလို့ ပြည်သူတစ်ယောက်ဒဏ်ရာရသွားတယ်ကြားတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
အလားတူ ကျောက်ကြီးမြို့နယ်၊ ဆိတ်ကြီးကျေးရွာကိုလည်း မတ်လ ၁၇ ရက်၊ ညနေ ၆ နာရီကျော် အချိန်က စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အထူးကွန်မန်ဒိုစစ်ကြောင်း၊ ရိုးမ(၂) စစ်ကြောင်းရှိ ရဲဘော်တစ်ဦးက ဆက်လက်ပြောသည်။
“ဆင်မတာဝါက ပစ်ချတဲ့လက်နက်ကြီးက ရွာထဲလမ်းမပေါ်ကျတာလို့ကြားတယ်၊ အဲဒီနားမှာကလေးတွေဆော့နေတာတဲ့၊ ကလေးနှစ်ယောက်၊ လူကြီးနှစ်ယောက်ထိသွားတယ်တဲ့၊ ကလေးတစ်ယောက်တော့ သေသွားတယ်လို့လည်း ပြောတယ်၊ အတိအကျမသိရသေးဘူး” ဟု ၎င်းကဆိုသည်။
ပဲခူးတိုင်း အရှေ့ခြမ်းရှိမြို့နယ်များတွင် စစ်တပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးစထိမှန်ပြီး ပြည်သူများ မကြာခဏ ထိခိုက်သေဆုံးမှုများရှိနေသည်။
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာသုသာန်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မတ်လ ၁၆ ရက်၊ ညပိုင်းက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးသွားကြောင်း ပုဝါနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။