စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၂)အနီးတွင် မတ်လ ၁၈ ရက်၊ နံနက် ၉ နာရီအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၅ နှစ်အရွယ်ကလေးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အရပ်သားပြည်သူများ ကမ္ဘောဇဘဏ်အနီးတံတားပေါ်၌ ဖြတ်သန်းသွားလာနေစဥ် ဗုံးပေါက်ကွဲသွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာအနီးတွင် စစ်ကောင်စီတပ်သားများလည်းရှိနေကြောင်း ကလေးမြို့ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ စမ်းမြို့နဲ့တာဟန်းကူးတံတားပေါ်မှာ ဖြစ်သွားတာ။ စစ်သားတွေက မိုင်းကို သေနတ်နဲ့ပစ်ခွဲတာ။ လူတွေကိုမတားဘဲခွဲတော့ ဖြတ်တဲ့ဆိုက်တွဲသမားနဲ့ကလေးသေတာ” ဟု ၎င်းကရှင်းပြသည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ၅ နှစ်အရွယ်ကလေးနှင့် ဆိုက်တွဲမောင်းသမားသေဆုံးသွားသည့်အပြင် အသက် ၂ နှစ်အရွယ်မိန်းကလေးတစ်ဦး၊ အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၄၀ အရွယ်အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ကမ္ဘောဇဘဏ်(၂)တွင် ယခင်ကစစ်ကောင်စီတပ်သားများ လုံခြုံရေးယူပေးခဲ့ဖူးပြီး နောက်ပိုင်းတွင် ဘဏ်ပိတ်သိမ်းသွားခြင်းကြောင့် စစ်ကောင်စီတပ်သားများလည်း ပြန်လည်ရုတ်သိမ်းသွားကြောင်း၊ ယခုပေါက်ကွဲသွားသည့်မိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များထောင်ထားခြင်းဖြစ်နိုင်ကြောင်း ကြို့သုံးပင်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက သုံးသပ်သည်။
“ အရင်က ငါတို့ ကြို့သုံးပင်တို့၊ တာဟန်းဘက်တို့သွားတဲ့လူတွေဆိုရင် နေကြာတိုက်ရှေ့မှာသူတို့(စကစ)ကဂိတ်ဖွင့်တာကိုး။ အဲ့ဒါကိုရှောင်ကွင်းချင်တော့ အခုမိုင်းကွဲသွားတဲ့နားက ဘရဏီလမ်းကနေကွင်းသွားကြတာ။ အဲ့ဒါကို သူတို့ကသိတော့ ဘရဏီလမ်းမှာစောင့်ပြီးဖမ်းတာတွေဘာတွေရှိတယ်။ ဒါကြောင့် ကာကွယ်ရေးကအဲ့ဒီနားမှာမိုင်းထောင်တာလား၊ ဘာလားမပြောတတ်ဘူးပေါ့နော်” ဟု ၎င်းကဆိုသည်။
ကလေးမြို့တောင်ပိုင်းနှင့်မြောက်ပိုင်းတို့တွင် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ယခုမတ်လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင်း ကလေးငယ်များအပါအဝင် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။