ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ရှိ ဗမာတန်းနေအိမ်များကို MNDAA ကစတင်ဖြိုဖျက်နေပြီဖြစ် ကြောင်း သိရသည်။
ယင်းဗမာတန်းနေအိမ်များကို စည်ပင်မြေပေါ်၌ ဆောက်ထားသည်ဟုဆိုကာ မတ်လ ၁၇ရက်က စတင်ဖြိုဖျက်နေခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့ခံအချို့ထံက သိရသည်။
“ မနေ့ကစဖြိုနေပြီ။အိမ်ကြီးအိမ်ကောင်းတွေပဲ။ အသစ်ဆောက်ထားကြတာ။ ဆောက်လက်စတွေ ရော ပါတယ်” ဟုလောက်ကိုင်မြို့ခံတစ်ဦးကပြောသည်။
လောက်ကိုင်မြို့ကို MNDAA (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်)က ပြန်လည်ထိန်းချုပ်ပြီးနောက် စည်ပင်မြေပေါ်ရှိအဆောက်အအုံများကိုပြန်လည် ဖြိုချနေခြင်းဖြစ်သည်။
“ လောက်ကိုင်မှာ အိမ်တွေ၊ ဆိုင်တွေ ဖြိုချဖျက်ထားတာအများကြီး။ ရင်ဖုန်းလမ်းတစ်ကြောတင်မဟုတ်ဘူး။ 311ပန်းခြံနားက ဆိုင်တွေရော အဖျက်ခံထားရတယ်” ဟု လောက်ကိုင်မြို့တွင် လက်ရှိနေထိုင်နေသည့် အမျိုးသမီးတစ်ဦးကပြောသည်။
ဆိုင်ခန်း ၆၀ ကျော်ရှိသည့် ဗမာတန်းကို MNDAAစည်ပင်သာယာအဖွဲ့ က စည်ပင်မြေပေါ်ဆောက်ထားသည့်အတွက်ကြောင့်ဟုဆိုကာ မတ်လ ၉ရက်နေ့မှစတင်ကာ ၃ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရန် စာထုတ်ခဲ့သည်။
လောက်ကိုင်မြို့တွင် မြန်မာများ နေထိုင်သည့် ဗမာတန်း အဆောက်အအုံ တိုက်တန်း များစွာ ရှိပြီး လမ်းမြေပေါ် ဆောက်ထားသည့် ယခုဗမာတန်းတစ်ခုတည်းသာ ဖယ်ပေးရခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့၊ဗမာတန်းတစ်ခု၌ နေထိုင်သူတစ်ဦးထံက သိရသည်။