အင်းစိန်အကျဥ်းထောင်တွင် သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက်ဟုဆိုကာ တစ်ဦးလျှင် ကျပ် ၅သောင်းအဓမ္မ ကောက်ခံနေသည့်အပြင် အဆောင် ၅ ထောင်မှူးကလဲ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်တိုက်ပိတ်မှုများ လုပ်ဆောင်နေကြောင်း အကျဥ်းထောင်ဝန်ထမ်းတစ်ဦးက MPA ကိုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဥ်းထောင်တွင် တာဝန်ထမ်းဆောင်နေသည့် အကျဥ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက မတ်လ ၁၈ ရက်တွင် MPA သတင်းဌာနသို့လိပ်မူပြီး သတင်းဖော်ပြပေးရန် စာတစ်စောင်ပေးပို့ခဲ့သည်။
“ အခုအကြောင်းကို သတင်းဌာနတွေကိုပို့ပေးပါ။ ကျွန် တော်လည်း လူငယ်တွေကို ရိုက်နှက်တာတွေမလုပ်ချင်တော့ဘူး။ ဝန်ထမ်းဘဝကလည်း အနားယူချင်ပြီ။အခြေအနေအရ ထွက်မရဘူးဖြစ်နေတယ်” ဟု အဆိုပါ ဝန်ထမ်းက ဆိုသည်။
ယင်းစာတွင် အဆောင် (၅) အခန်း (၁)က ကျော်ဇင်လင်း(ခ) တရုတ်ကြီးအမည်ရ အခန်းလူကြီးမှာ နိုင်ကျဥ်းများအား အနိုင်ကျင့်ငွေညှစ်ပြီး မပေးနိုင်သူများကို အဆောင်ပြောင်းခြင်း၊ အခန်းပြောင်းခြင်းများ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။
ထို့ပြင် လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း အဆောင်(၅)ထောင်မှူးက နိုင်ငံရေးအကျဥ်းသားလူငယ် ၁၂ ဦးအား နိုင်ငံရေးအကြောင်းများပြောဆိုကာ ထောင်ဆူစေရန်လုပ်ဆောင်သည်ဟု ထောင်ပိုင်ထံသို့ လိမ်လည်တိုင်ကြားခဲ့ခြင်းကြောင့် လူငယ်များ ရိုက်နှက်ခံရကာ တိုက်ပိတ်ခံခဲ့ရကြောင်း သိရသည်။
“ အဲ့ဒီကလေးတွေက ဆန္ဒပြပွဲတုန်းက ပုဒ်မ ၅၀၅(က)၊ (ခ)တွေနဲ့အဖမ်းခံရတဲ့ ကျောင်းသားလူငယ်တွေ ထောင်ဒဏ် ၅ နှစ်အထက်တွေလို့သိရတယ်။ ဘယ်သူတွေပါလဲ ဆိုတာတော့ စုံစမ်းနေတုန်းပါပဲ” ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
အလားတူ ထောင်တွင်းသင်္ကြန်ပွဲပြုလုပ်ရန်အတွက်ဟုဆိုကာ အကျဉ်းသားတစ်ဦးလျှင် ကျပ်ငါးသောင်းစီနှင့် အခန်းတစ်ခန်းလျှင် ကျပ် ၁၀ သိန်း ကောက်ခံလျက်ရှိကြောင်း သိရသည်။
“ ပိုက်ဆံကောက်တာတော့ ဟုတ်တယ်။ လူကြုံစကားပါးလာလို့ သွားပို့ပေးထားရတယ်။ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ အလှူလုပ်ဖို့လို့လည်းပြောတယ်” ဟု နိုင်ကျဥ်း မိသားစုဝင်တစ်ဦးက အတည်ပြုပြောသည်။
အဆောင် (၅)၊ အခန်း (၁)လူကြီး ကျော်ဇင်လင်း (ခ)တရုတ်ကြီးမှာ ဆေးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူတစ်ဦးဖြစ်ပြီး ထောင်မှူးများနှင့်ပေါင်းကာ အကျဥ်းသားများအပေါ် ဖိနှိပ်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် မတ်လ ၁၅ ရက်အထိ မြန်မာနိုင်ငံအသီးသီးရှိအကျဥ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသားစုစုပေါင်း ၂၆၂၄၄ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း AAPP ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။