ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ KIA တပ်မဟာ ၃ နယ်မြေ၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ၆ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က မတ်လ ၁၇ ရက်၊ နံနက် ၇ နာရီတွင် စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီတွင် ဆန်ဂန်၊ ခလုန်ကရုန်၊ အိုဂရိန်ဘွမ်၊ မန်ဒါ၊ ဖကော်နှင့် ဘွမ်ကပေါ်တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်တပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“ စခန်းတွေကို သိမ်းနိုင်တယ်၊ မြစ်ကြီးနားက တက်လာတဲ့ လေယာဥ်တွေနဲ့ ဗုံးကြဲတယ်၊ လက်နက်တွေ သိမ်းမိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက MPA ကိုပြောသည်။
“ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေတယ်၊ လမ်းတွေလည်း ပိတ်ထားတယ်” ဟု မိုးမောက်မြို့ခံနှင့် နီးစပ်သူတစ်ဦးက ဆက်လက်ပြောသည်။
KIA က သိမ်းပိုက်ထားသော မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများမှာ မတ်လ ၇ ရက်မှစ၍ မတ်လ ၁၀ ရက်အထိ တာပိန်မြစ်တံတားတပ်စခန်း၊ နမ့်ဖက်ခတပ်စခန်း၊ ဒေါ့ဖုန်းယန်တပ်စခန်း၊ မြို့သစ်တံတားတပ်စခန်းနှင့် ကာကင်းအချို့တို့ဖြစ်ပြီး မတ် ၁၄ ရက်ကလည်း ဒါဆိုင်းစစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်ထားခဲ့သည်။
“ မိုးမောက်ဘက်ကနေ ဗန်းမော်ဘက်ကို ဝင်ဖို့က ရတော့မယ်၊ ဒါကြောင့်မို့ ဗန်းမော်ကို လက်မလွှတ်ရရေးအတွက် စစ်တပ်က ခံစစ်တွေပြင်ထားပြီး မြို့ကို အပြင်းအထန်ကာကွယ်နေတယ်။ ဗန်းမော်မှာလည်း စစ်တပ်က လက်နက်ကြီးတွေလျှောက်ပစ်လို့ ပြည်သူတွေ သေကြတယ်” ဟု ဗန်းမော်ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော် – လိုင်ဇာလမ်းပိုင်း၊ ဝိုင်းမော်၊ မိုးမောက်နှင့် ဆွမ်ပရာဘွမ်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း ၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။