စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း သာယာဝတီရွာအတွင်းပိတ်မိနေသော ပြည်သူများကိုကယ်ထုတ်နေစဥ် စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုကြောင့် ကလေးမြို့နယ်ပကဖ-ဇုန်(၅)၏ တပ်စိတ်မှူးတစ်ဦးကျဆုံးသွားကြောင်း သိရသည်။
သာယာဝတီရွာအနောက်ပိုင်း နည်းပညာတက္ကသိုလ်-ကလေး(TU-Kalay)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်များက မတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင်စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းပိတ်မိနေသည့် ပြည်သူများကို နေ့လည်ပိုင်းတွင် သွားရောက်ကယ်ထုတ်စဥ် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကလေးတောင်ပိုင်းစစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။
“ မနေ့က မနက် ၆ နာရီလောက်မှာ ကျွန်တော်တို့ဝင်လုံးတယ်။ ရွာတစ်ဝက်လောက်ထိ ကျွန်တော်တို့စိုးမိုးထားနိုင်ပြီ။ အဲ့ဒီအချိန်မှာ ရွာထဲမှာကျန်တဲ့ပြည်သူတွေကို ကယ်ထုတ်ရင်းနဲ့ စစ်တပ်ဒရုန်းနဲ့ဗုံးသီး ၃ လုံး တပြိုင်တည်းချပြီး တိုက်ခိုက်ခံလိုက်ရတာ။ ပြည်သူတွေရောထိတယ်” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ပကဖတပ်စိတ်မှူး ဦးယုနိုင်ထွန်းကျဆုံးသွားသည့်အပြင် အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ဗုံးသီးထိမှန်သေဆုံးခဲ့ပြီး အရပ်သား (၈)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီအထိုင်ချ သာယာဝတီရွာသည် တော်လှန်ရေးအင်အားစုများ ပြန်လည်သိမ်းယူထားသည့် ထိုမာရွာ၏အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင်တည်ရှိပြီး စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံကသိရသည်။
“ TUထဲကခွေး(စကစ)တွေနဲ့ ထိုမာထဲက တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲကကြိုးကြားဖြစ်နေတာ။ မနေ့က သာယာဝတီကိုမီးရှို့နေတယ်။ TU ထဲက ခွေးတွေက ထိုမာဘက်ကို မြင်ကွင်းရှင်းအောင် သာယာဝတီကို တရွာလုံးရှို့မှာလို့ ရွာသားတွေကိုပြောလိုက်တယ်တဲ့။ အခုက သိပ်မကျန်တော့ဘူးထင်ပါတယ်” ဟု ထိုမာရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက ထိုမာရွာအတွင်း စစ်ကြောင်းထိုး၍တပ်စွဲနေခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများက မတ်လ ၈ ရက်တွင် တိုက်ခိုက်၍ ပြန်လည်သိမ်းယူထားခြင်းဖြစ်သည်။
ကလေးမြို့နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီအထိုင်ချ ကျောင်းတိုက်ပျူစောထီးရွာကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၈ ဦးသေဆုံး၍ လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။