ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် သြဂုတ်လဒုတိယပတ်အတွင်းမှစတင်၍ လူငယ် ၂၀ ကျော်ကို စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီက စစ်အာဏာရှင်ဆန့်ကျင်ရှေးဆန္ဒပြပွဲတွင် ပါဝင်သူများ၊ အလုပ်သမားအရေး ဆောင်ရွက်နေသူများ၊ ပရဟိတလူငယ်များများကို PDF အဖွဲ့နှင့် ပတ်သက်သည်ဟုစွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာ ဒေသခံများထံမှ သိရသည်။
“လွန်ခဲ့တဲ့တစ်ပတ်ကနေစပြီး စစ်ကောင်စီကအကြောင်းအမျိုးမျိုးပြပြီး ဖမ်းနေတာ။ လှိုင်သာယာတစ်မြို့တည်းမှာပဲ လူ ၂၀ ကျော် အဖမ်းခံခဲ့ရတယ်”ဟု ဖမ်းဆီးခံရသူလူငယ်များနှင့်နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့်သြဂုတ်လ ဒုတိယပတ်အတွင်းက လှိုင်သာယာမြို့နယ်မှ ပရဟိတလူငယ် သားဇော်ဆိုသူကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့တွင်လည်း လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်မှ NLD ပါတီရုံးခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကာ ရုံးခန်းမှလူတစ်ယောက်ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ဖမ်းဆီးသွားသူများကို စစ်ကြောရေးစခန်းများသို့ပို့ဆောင်၍ စစ်ဆေးမှုများပြုလုပ်နေပြီး စစ်ဆေးပြီးသူများကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီ၏ စစ်တပ်များက လူငယ်များကို ဖမ်းဆီးနေစဉ် / CJ