ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံကျေးရွာသို့ ယနေ့(မတ် ၁၅ရက်)၊ မွန်းလွဲ ၁နာရီခန့်တွင် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး၂လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး ကိုရင် ၂ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။
ယမန်နေ့( မတ် ၁၄ရက်)တွင်လည်း ထမ်းယံကျေးရွာ ဘုရားပင့်ဆောင်လာသည့် ဒေသခံများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
“ပအိုဝ်းတိုင်းရင်းသားတွေ အလေးအနက်ထားတဲ့ စေတီ၊ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပစ်မှတ်ထားတာတွေ့ရတယ်။ အခုလုပ်ရပ်က မင်းတို့ ငါတို့ကိုတော်လှန်ရင် နင်တို့အလေးအနက်တန်ဖိုးထားတဲ့ အရာကို ငါတို့ဖျက်ဆီးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ၊ အဲ့ဒါကြောင့် ကျတော်တို့ အာဏာရှင်စနစ်ပြုတ်ကျရေးကို ပိုမိုအားထုတ်ရမယ်။ ဒါမှ ဒုက္ခဆင်းရဲကလွတ်မြောက်နိုင်မှာ”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်ယံက ပြောသည်။
“ထမ်းယံကျေးရွာက အိမ်ခြေ ၃၀၀လောက်ရှိတယ်။ အခြေအနေတော့ ဆိုလားပြီ၊ ဒေသခံလည်း ထွက်ပြေးကြတယ်။ ကိုရင် ၂ ပါးထိသွားတယ်။ ဘုန်းကြီးကျောင်းတော့ တော်တော်ပျက်သွားတယ်”ဟု ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ၊ ယမန်နေ့(မတ် ၁၄ရက်)တွင် ဆီဆိုင်မြို့နယ်၊ အောင်သပြေရပ်ကွက်သို့ ပစ္စည်းပြန်ယူသည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် မတ် ၁၃ရက်တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက္ကဆျားကျေးရွာ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတို့အကြား တစ်နာရီခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ ၂ဦးနှင့် တပ်ဖွဲ့ဝင် ၁၁ ဦးထိခိုက်ဒဏ်ရာရရှိပြီးနောက် ဒေသခံများ၏ ကားများအား လုယက်ကာ ဒဏ်ရာရသူများကို သယ်ဆောင်၍ ပြန်လည်ဆုတ်ခွာသွားကြောင်း PNLA က ထုတ်ပြန်ထားသည်။