ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်၊ ရိုးမအတွင်း တော်လှန်ရေးရဲဘော်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ကာ တော်လှန်ရေးရဲဘော်များ စိုးမိုးထားသည့် နေရာသို့ ဒရုန်း ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များထံက စုံစမ်းသိရှိရသည်။
တော်လှန်ရေးရဲဘော်များစိုးမိုးထားသည့် ဟိုင်းရူးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်း ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘာသာရေးအဆောက်အဦးများနှင့် ပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်မှ ၁၁ ရက်အထိ ပဲခူးရိုးမအတွင်း တော်လှန်ရေးရဲဘော်များနှင့် ဖြစ်ပွားခဲ့သည့် ၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့ပြီးနောက် မတ်လ ၁၂ ရက်မှ စတင်ကာ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၍ ဟိုင်းရူးကျေးရွာကို ဒရုန်း ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသာယာဝတီခရိုင်တပ်ရင်း ၃၈၀၂-တပ်ခွဲ ၅ ရှိ တပ်ခွဲမှူးဘက ကပြောသည်။
“၁၂ ရက်နေ့၊ ညနေ ၃ နာရီလောက်တည်းက စကြဲတာ၊ ဒရုန်းက ၄ စီးနဲ့ တောက်လျှောက်ကြဲတာ၊ ဒီနေ့ (မတ်လ၁၅) အထိကြဲနေတုန်း။ စာသင်ကျောင်းတွေရော၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်း၊ ဆေးခန်းတွေ၊ အိမ်တွေပါ ပျက်ဆီးကုန်တာ၊ မီးတွေလည်းလောင်ကုန်တယ်၊ ဆက်သွယ်ရေးလိုင်းတွေလည်း အဖြတ်ခံထားရတယ်”ဟု ၎င်းကရှင်းပြသည်။
ဟိုင်းယုကျေးရွားအား တော်လှန်ရေးရဲဘော်များ စိုးမိုးထားသည်မှာ ၁၀ လနီးပါးရှိနေပြီဖြစ်ပြီး ယခု စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲနေမှုများကြောင့် ဆုတ်ခွာပေးခဲ့ရကြောင်း တပ်ခွဲမှုး ဘက က ဆက်လက်ရှင်းပြသည်။
“နေပြည်တော်စစ်ရုံး အထူးတပ်က ဦးဆောင်လာတယ်ပြောတယ်၊ ရဲဘော်တွေလည်း ဒဏ်ရာရထားတာရှိတယ်၊ မြေပြင်ကလည်း ထိုးစစ်ဆင်နေတယ်၊ ကျွန်တော်တို့ လက်နက်အင်အား မမျှတတာရယ်၊ ကျည်ဆံမလုံလောက်တာကြောင့် နောက်ဆုတ်ပေးထားရတယ်”ဟု ၎င်းတပ်ခွဲမှုးကဆိုသည်။
ဟိုင်းရူးကျေးရွာရှိ ဒေသခံပြည်သူများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကနှင်ထုတ်ခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သည့် အသက် ၄၀ အရွယ်စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“အစ်မတို့ စစ်ရှောင်နေရတာကြာပြီ၊ ရွာလည်းပြန်မကြည့်ရဲဘူး။ စားသောက်ရေးလည်းခက်ခဲလာတယ်၊ အခု အိမ်တွေမီးလောင်နေတယ်ကြားတယ်၊ တစ်ရွာလုံးကုန်မလား မသိဘူး။ ပြန်စရာ အိမ်တောင်အစ်မတို့မှာ ရှိတော့မှာမဟုတ်ဘူး” ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်ကလည်း သာယာဝတီခရိုင်တပ်ရင်း -၃၈၀၂ တပ်ခွဲ ၅နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ရက်အတွင်းတိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများခဲ့ကြောင်း သိရသည်။