ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲမြန်ကျေးရွာရှိ သောက်သုံးရေကန်များ ပိုမိုညစ်ညမ်းလာသဖြင့် ဒေသခံများ သောက်ရေအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“သောက်ရေ အခက်အခဲဖြစ်တာတော့ မိုခါလွန်ပြီးတည်းကလို့ ပြောလို့ရတယ်။ လုံးဝသောက်လို့မရခဲ့တာတော့ မဟုတ်ဘူး။ နည်းနည်းပါးပါး သုံးလို့ရတဲ့ အနေအထားရှိခဲ့တယ်။ အခုနောက်ပိုင်းမှ ရေက သောက်လို့မရတော့တဲ့အထိ ဖြစ်သွားတာ။ ရေကန်တွေက တစ်ရက်၊ နှစ်ရက်နဲ့ ဒီလို အုတ်ခဲအရောင်ပြောင်းမသွားနိုင်ဘူးလေ”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆိုသည်။
လက်ဝဲမြန်ကျေးရွာရှိ သောက်ရေကန်သည် သန့်ရှင်းမှုရှိခြင်းကြောင့် အဆိုပါကျေးရွာမှ ဒေသခံများအပြင် အနီးအနားကျေးရွာများကပါ လာရောက်ခပ်ယူခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“ရွာဘက်တွေက အစိုးရက ပေးတဲ့ ရေမရပါဘူး။ မြို့ပေါ်တွေကတော့ ရတာပေါ့။ အဲ့ဒီတော့ ရွာဘက်ကသူတွေက ကန်ရေကိုပဲ သောက်ကြရတယ်။ အခုလည်း သောက်ရေအတွက်က ဖြေရှင်းဖို့ အခက်အခဲတွေ ရှိတယ်။ ဒါကို ရက္ခိုင့်တပ်တော်က လုပ်ပေးလာမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ မဟုတ်ရင် ရေကလည်း သုံးဖို့အတွက် အဆင်မပြေတော့ဘူးဆိုတော့ ကန်ကို ပစ်ထားလိုက်ရတော့မယ်ထင်တယ်”ဟု လက်ဝဲမြန်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တိုက်ခိုက်ခဲ့သော မိုခါမုန်တိုင်းကြောင့် သောက်ရေကန်အများစုတွင် ဆားငန်ရေများဝင်ရောက်ခြင်းနှင့် အမှိုက်များ ကျရောက်ခြင်းတို့ကြောင့် ပျက်စီးမှုများရှိခဲ့ကြပြီး လက်ဝဲမြန်ရွာတွင်လည်း မိုခါနောက်ဆက်တွဲဆိုးကျိုးများကြောင့် သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
“ကျွန်မတို့ကတော့ လောလောဆယ် ကူညီပေးနိုင်ရင် ၁ လပေါ့။ ဒီကန်မှာရှိတဲ့ ရေကို မစစ်ဆေးနိုင်ရင်တောင် ဓာတ်ခွဲခန်းတွေဆီကိုပြဖို့ စီစဉ်နေတာတွေတော့ ရှိတယ်။ ကျွန်မတို့ကတော့ ပြန်ကောင်းအောင်တော့ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးသွားမယ်။ အခု စစ်တပ်က လမ်းတွေပိတ်ထားတာတွေကြောင့် အခက်အခဲတော့ ရှိနေတယ်”ဟု ဒေသတွင်း ကူညီရေး လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းဒေသခံတစ်ဦးကလည်း “စားစရာက ရှာကြံလို့ရတယ်။ ရေက ဘယ်ကသွားရှာရမလဲ။ ဒုက္ခတွေက ပေါင်းစုံပဲ သီးခြားခွဲပြလို့တောင် မရဘူး။ အကုန်လုံးက ဒုက္ခတွေနဲ့။ သူတို့(စစ်ကောင်စီ)က AA ကို တိုက်တာ မဟုတ်ဘူး။ ပြည်သူကို တိုက်နေတာ”ဟု ဆိုသည်။
လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ရက္ခိုင့်တပ်တော်တို့က မိုခါမုန်တိုင်းအလွန်တွင် ကျေးရွာများရှိ ရေကန်များအား သန့်ရှင်းရေးများပြုလုပ်ခဲ့ပေးသော်လည်း ယခု နွေရာသီတွင် ရေကန်များအား ကျေးရွာဒေသအလိုက် ပြန်လည် သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။