စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး PDF စခန်း ၂ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယမန်နေ့ ( မတ်လ ၁၄ ရက် )၊ မွန်းလွဲ ၁ နာရီခန့်က လယ်ဇင်ကျေးရွာနှင့် ကိုင်းတောကျေးရွာမှ အင်အား ၆၀ ခန့်ဖြင့်ထွက်လာသော စစ်ကြောင်းနှစ်ကြောင်းသည် သက္ကယ်ကျင်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝေဟင်မုဆိုးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
“ မီးလောင်တာ နေ့လယ်ကနေ ညခင်း ၁၁ လောက်ထိရှိတယ်။ အိမ်ခြေက ၃၃၀ ထက်မနည်း ပြာကျတယ်။ ပြီးတော့ ဖမ်းခံရတဲ့ပြည်သူစုစုပေါင်း ၇၀ လောက်ရှိမယ်။ မြို့တော်ခန်းမကို ခေါ်သွားပြီး ပြန်လာထုတ်ခိုင်းတယ်လို့ သိရတယ်။” ဟု ၎င်းကပြောသည်။
ထို့ပြင် ယင်းရွာမှ အမျိုးသား၁ဦး သတ်ဖြတ်ခံရပြီး အမျိုးသမီး ၃ဦး မီးထဲပါကာ စုစုပေါင်း ၄ဦးသေဆုံးခဲ့ကြောင်း ၊ ကာကွယ်ရေးရဲဘော်တစ်ဦးနှင့် ပြည်သူ ၃ဦး ကျည်ထိမှန်ခဲ့ကြောင်း ဝေဟင်မုဆိုးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြသည်။
” သူတို့က ရုတ်တရက်ကြီးပစ်ဝင်လာတော့ ပြေးရင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကြတာ၊ ရွာသားတစ်ယောက်က သေနတ်နဲ့ပစ်သတ်ခံရတာ၊ ရွာကို မီးရှို့တော့ မီးထဲကမထွက်နိုင်ဘဲ သေသွားတာက မိန်းမသုံးယောက်၊ အဲဒီထဲမှာ သက်ကြီးရွယ်အို တစ်ဦးလည်းပါတယ်။ ပြီးတော့ ကာကွယ်ရေးရဲဘော်တစ်ဦးနဲ့ ပြည်သူ ၃ယောက်ကျည်ထိတာ၊ ရဲဘော်က ခြေထောက်ဖြတ်လိုက်ရတယ်။ ဒဏ်ရာရတဲ့လူတွေ အကုန် ဆေးကုသမှုခံယူနေပါတယ် “ ဟု ၎င်းကပြောသည်။
သက္ကယ်ကျင်းကျေးရွာကို စစ်ကြောင်းဝင်ရောက်နေစဉ်တွင် ဘေးပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ ကိုင်းတောရွာသို့ လက်နက်ကြီးကျပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
“ လက်နက်ကြီးစ မှန်တာဗျ။ အသက် ၃၀ကျော် ၄၀အရွယ် အမျိုးသမီးတစ်ဦးပေါ့၊ အိမ်ထဲနေရင်း လက်နက်ကြီးကျတာ။ သင်္ဂြိုဟ်တာဘာညာတော့ မလုပ်ရသေးဘူး” ဟု ၎င်းကပြောသည်။
တချိန်တည်း၌ပင် မုံရွာမြို့နယ် ရွာထောင်ဂိတ်မှ အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် PDF စခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ဝေဟင်မုဆိုးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ကျေးရွာကာကွယ်ရေးစခန်းတစ်ခုရယ် ၊ မုံရွာခရိုင်တပ်ရင်း၄ တပ်ခွဲ ၁ က စခန်းတစ်ခုရယ် ၂ခုဝင်စီးခံရတာဗျ၊ ရုတ်တရက်ဆိုတော့ သိမ်းဆည်းချိန်မရလိုက်လို့ ဆုံးရှုံးမှုများတယ်လို့တော့ ကြားတယ်။ အသေးစိတ်ကို မကြာခင်မှာ သူတို့ထုတ်ပြန်ပါလိမ့်မယ်” ဟု ဝေဟင်မုဆိုးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကပြောသည်။
သက္ကယ်ကျင်းကျေးရွာသည် မုံရွာမြို့၏ ၆မိုင်ခန့်အကွာတွင် တည်ရှိပြီး ယင်းစစ်ကြောင်းကြောင့် သက္ကယ်ကျင်းကျေးရွာ အပါအဝင် ကျေးရွာ ၄ရွာခန့်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။









