တော်လှန်ရေးအင်အားစုများအနေဖြင့် မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကိုသာမက ကေအဲန်ယူ၊ တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းအသီးသီးကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက MPA ကို ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတစ်ဝိုက်တွင် မတ်လ ၇ ရက်မှစတင်၍ ယနေ့အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များခြေကုတ်ယူထားသည့် နေရာ ၃ ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။
တစ်ပတ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မြဝတီ၊ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီ ခမရ-၃၅၅ တပ်ရင်း၊ သင်္ကန်းညီနောင်ရဲစခန်းနှင့် စစ်ကောင်စီ၏ ဖလူးစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ-၃၅၅ တပ်ရင်းသိမ်းပိုက်မှုတွင် စစ်သား ၁၉ ဦး သေဆုံးကာလက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်းကို ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားသည်။
“ တိုက်ပွဲအခြေအနေကတော့ ဒီနေ့အထိ နေ့တိုင်းပြင်းထန်းဆဲပဲ။ မြို့ထဲမှာမဟုတ်သေးဘူးဆိုပေမယ့် အဓိကကျတဲ့ တပ်စခန်းတွေကို အရင်ဦးစားပေးတိုက်နေတယ်။ မြဝတီတစ်ခုထဲမကဘူး တပ်မဟာ ၆ ထဲမှာ ရှိတဲ့ တပ်စခန်းအသီးသီးကို စတင်တိုက်ခိုက်ချေမှုန်းနေပါပြီ” ဟု ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ အလွန်အကျွံပြုလုပ်ကာ ခုခံနေကြောင်း သိရသည်။
“ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုက ၇ ရက်နေ့ကစပြီး နေ့ရောညပါပစ်တာ ဒီနေ့အထိပဲ။ ဒီနေ့တောင် အစီးပေါင်းမနည်းဘူး။ ကျွန်တော်တို့ အကြိမ်ပေါင်း မရေတွက်နိုင်အောင်ကို လေကြောင်း အလွန်အကျွံအသုံးပြုပြီး သူတို့ ခုခံနေတာ” ဟု ၎င်းက ဆက်ရှင်းပြသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၁၀ ဦး ဝန်းကျင်သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ် အလုံး ၂၀ ဝန်းကျင်မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“ လက်ရှိ စကစ ဘက်က လေယာဉ်အသုံးပြုမှုက လေ့ကေကော်ဘက်ရယ်၊ လက်ခတ်တောင်ဘက်ရယ်၊ နောက်ကျိုက်ဒုံဘက်ရယ်၊ ဖလူးဘက်ရယ် အဲ့ဒီနေရာတွေကို တောက်လျှောက်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်။ ဒီမနက်အထိကို လုပ်နေဆဲပါ။ ဒီနေ့ ညနေကလဲ လေယာဉ်အတက်တွေရှိတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီ၏ လေကြောင်းအလွန်အကျွံအသုံးပြုမှုနှင့် လက်နက်ကြီးပစ်ကူအလွန်အကျွံ အသုံးပြုမှုများကြောင့် ဒေသခံပြည်သူများထိခိုက်သေဆုံးမှုအခြေအနေသည် ကေအဲန်ယူက ကနဦးထုတ်ပြန်ထားသည့်အရေအတွက်ဖြစ်ပြီး မြေပြင်တွင် အဆိုပါအရေအတွက်ထက်ပိုမိုများပြားနိုင်သော်လည်း တိုက်ပွဲဖြစ်ပွားနေဆဲကာလဖြစ်သောကြောင့် တိတိပပသိရှိရန် မလွယ်ကူသေးကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
လက်ရှိတွင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မြဝတီ၊ သင်္ကန်းညီနောင်ရှိ သိမ်းပိုက်ရန်ကျန်နေသေးသည့် စစ်ကောင်စီ ခမရ-၃၅၆ ၊ ခမရ-၃၅၇ တပ်ရင်းနှင့် ဗျူဟာကုန်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
နှစ်ဘက်တပ်များအကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအသီးသီးရှိ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။



