မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံးပြီး ကား ၂စီးပျက်စီးသွားကြောင်း သိရသည်။
ယနေ့(မတ်လ ၁၄ရက်) နံနက် ၉နာရီခန့်က ပခုက္ကူမြို့ပေါ်မှ ရေစကြိုဘက်သို့ ထွက်လာသော စစ်ကား ၅စီးကို လုံခြုံရေးပေးရန် ကင်းပုန်းထွက်လာသည့် စစ်သား ၂၀ဝန်းကျင်အား ပခုက္ကူလေယာဉ်ကွင်းအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Young Force UG က ထုတ်ပြန်သည်။
“ ပန်းတိုင်းခြုံဘက်ကနေ ထွက်လာပြီး လုံခြုံရေးယူပေးတာ။ ကားယာဉ်တန်းဖြတ်မှာမို့ ပခုက္ကူလေဆိပ်နားလေးမှာ သက်သက် လုံခြုံရေးစောင့်ပေးနေတာကို ကျနော်တို့က ဒရုန်းနဲ့ကြည့်ပြီး သိတော့ မိုင်းဆွဲတိုက်ခိုက်လိုက်တာ” ဟု Young Force UG အဖွဲ့၏ သတင်းပြန်ကြားတာဝန်ခံ ကိုပိန်ကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ၎င်းကပြောသည်။
ယင်း တိုက်ခိုက်မှုပြီးနောက် ဖြတ်သန်းလာသော စစ်ကောင်စီယာဉ်တန်းကို နံနက် ၁၀နာရီခွဲခန့်တွင် ပခုက္ကူ-ရေစကြိုလမ်းပိုင်း တစ်နေရာ၌ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးပြီး ကား ၂စီးပျက်စီးသွားကြောင်းသိရသည်။
“ ကား ၂ စီးပျက်တာကို ၁ စီးပြန်ပြင်တာ ၁နာရီလောက်ကြာတယ်။ ၁စီးကတော့ အပျက်ကြီးအတိုင်း အဲ့နားမှာပဲ။ ဆွဲဖို့ပြင်နေတုန်း။ ကင်းပုန်းတော့ကျန်ခဲ့ဦးမှာ။ သူတို့ကားကိုတော့ အဆုံးရှုံးခံမှာမဟုတ်ဘူး။ သေတာကတော့ အဲ့နေရာမှာ ၃ယောက်ပွဲချင်းပြီးသေတယ်” ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ ၆၀(မမ)နဲ့ ကျနော်တို့ဘက်ကို ကောင်တာပြန်တာရှိတယ်။ ကျနော်တို့နားတော့ကျတယ်။ မကွဲဘူး။ အော်တိုတွေ(သေနတ်)လည်း တောက်လျှောက်ပစ်တယ်” ဟု ၎င်းကပြောသည်။
ပျက်စီးသွားသည့် ကား ၂စီးအနက် ၁စီးကိုပြင်ကာ ရေစကြိုဘက်သို့ ထွက်သွားကြောင်း ၎င်းကပြောသည်။
မတ်လ ၁၃ရက်ကလည်း မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာကို RC Plane ဒရုန်းဖြင့် ဗုံးသီး ၁၁လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုကိုမူ မသိရှိရသေးကြောင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Young Force UG)နှင့်အတူ ရေစကြိုမြို့နယ် ပ.က.ဖ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Pakokku Ranger)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Taty Gyi)၊ မြိုင်ပ.က.ဖ တပ်ရင်း(၁)၊ DMG အဖွဲ့၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)(Thurain- TR)၊ ပခုက္ကူခရိုင်တပ်ရင်း(၁၀)နှင့် ဝံပုလွေအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


