မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးများ လစဉ်သုံးပစ္စည်းများလိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
“ ကျမတို့ စစ်ရှောင်စခန်းကိုရောက်နေတာ ပြီးခဲ့တဲ့နှစ် ၂၀၂၃ စက်တင်ဘာလထဲကပါ၊ အခုထိကို မပြန်ရသေးတာ၊ ပြန်လဲမပြန်ရဲဘူး။ စခန်းမှာက ရိက္ခာတွေ ရှာဖွေဖို့ လွယ်သလို အလှူရှင်တွေကလည်း လာလှူကြတယ်။ အခုပြဿနာက အမျိုးသမီးလစဉ်သုံးကို ရှာရလဲခက်တယ်။ လာလှူတဲ့အထဲမှာလည်း မပါဘူး” ဟု စစ်ဘေးရှောင်နေရသည့် မိုးကုတ်မြို့နယ်၊ ညောင်တုန်းရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
အမျိုးသမီးလစဉ်သုံး ပစ္စည်းရှားပါးနေမှုကြောင့် စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးများသည် ဓမ္မတာလာစဉ် အဝတ်ပိုင်းများကို ပိုင်းဖြတ်ကာ အသုံးပြုနေရသူများလည်းရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ အခြားနေရာမှာလည်း သွားမဝယ်ရဲဘူး။ လမ်းမှာစစ်သားတွေနဲ့တွေ့မှာကြောက်လို့၊ စစ်သားတွေက လမ်းမှာတွေ့ရင် မထိတထိ လုပ်တယ်။ သူတို့လုပ်တာမခံရင် သတ်တာတွေဘာတွေလုပ်တော့ လစဉ်သုံးပစ္စည်းကို သွားမဝယ်ဘဲ ထဘီတွေကိုဖြဲပြီး ပိတ်စပုံစံခံသုံးတယ်” ဟု အသက် ၂၀အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိ မိုးကုတ်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက စစ်ဆေးမှုတင်းကျပ်ထားသောကြောင့် စစ်ရှောင်စခန်းရှိ ပြည်သူများသည် မည်သည့်နေရာမှ သွားလာခြင်းမပြုလုပ်ရဲကြောင်း၊ အပြင်များသို့ သွားလာပါကလည်း စစ်သားများနှင့်တွေ့ပါက ရိုက်နှက်ခြင်း၊ ငွေတောင်းခြင်း၊ လုယူခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် စစ်ရှောင် အမျိုးသားတစ်ဦးကပြောသည်။
မိုးကုတ်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသည့် ကျေးရွာများသည် ညောင်တုန်း၊ လွင်ငင်း၊ ကုန်းစံနှင့် ဖြူရွာမှ ဒေသခံများဖြစ်ပြီး ငွေကြေးတက်နိုင်သူများသည် မြို့ပေါ်သို့ ရွှေ့ပြောင်းနေထိုင်ကာ၊ ကျန်ပြည်သူများအနေဖြင့် ဘုန်ကြီးကျောင်းများ၌ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။