ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေဒေသ၊ နန်းပန်မြို့၊ သရက်စင်ရွာတွင် PNO ပြည်သူ့စစ်များက ဆယ်တန်းစာမေးပွဲကို အကြောင်းပြပြီး ဒေသခံများထံမှ ငွေတောင်းခံမှုများပြုလုပ်နေကြောင်း ရွှေအင်းလေးအဖွဲ့နှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ် ၁၀ရက်မှ စတင်ကာ PNO ပြည်သူ့စစ်အဖွဲ့ဝင်များသည် နန်းပန်မြို့၊ သရက်စင်ရွာရှိ တစ်အိမ်လျှင် အနည်းဆုံး ကျပ်နှစ်သောင်းတောင်းခံကာ၊ အိမ်ကြီး အိမ်ကောင်းပိုင်ဆိုင်ထားသူများကို ကျပ်သိန်းဂဏန်းအထိ တောင်းခံနေခြင်းဖြစ်ကြောင်း ရွှေအင်းလေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုကဲ့သို့ ငွေတောင်းခံနေမှုအပြင် စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းရန်အတွက် အသက်ပြည့်ပြီး လူငယ်များကို စာရင်းကောက်ယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
“ သူတို့(PNOပြည်သူ့စစ်)က စစ်မှုထမ်းဖို့ လူတွေတော့မခေါ်သေးဘူး။ အဓိကက ငွေလိုချင်လို့လုပ်တာဖြစ်မယ်၊ ဆယ်တန်းစာမေးပွဲဖြေဖို့ဆိုပြီးတော့ စာရင်းကောက်တာ၊ ခါတိုင်းနှစ်တွေမှာ မကောက်ဘူး။ အဲ့ဒါမတိုင်ခင် လူစာရင်းသပ်သပ်ကောက်ထားသေးတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် နန်းပန်မြို့အတွင် ကြံဖိုလုပ်ငန်းလုပ်ကိုင်သည့် အိမ်များသည်လည်း တစ်အိမ်လျှင် ကျပ်သုံးသောင်းနှုန်း PNO က ကောက်ခံကြောင်းလည်းသိရသည်။
“ ခြိမ်းခြောက်တာတွေတော့မလုပ်ဘူး။ အစက သိန်းဂဏန်းပေးရမယ်ပြောတယ်။ လောလောဆည်တော့ ကြံဖိုရှိတဲ့ အိမ်တွေပဲ တစ်အိမ် သုံးသောင်းပေးရသေးတယ်။ ရဲစခန်းနဲ့ ကပ်နေတဲ့ရွာဆိုတော့ ကြောက်တော့ပေးရတယ်လေ၊ ရွာမှာက တပ်ထောက်ခံသူတွေလည်းရှိတယ်” ဟု သရက်စင်ရွာ ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် အင်းလေးကန် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ကန်ပတ်လမ်းတွင် စစ်တပ်နှင့် PNO တပ်ဖွဲ့တို့က ဂိတ် ၅ခုထားရှိပြီး လမ်းသွား၊ လမ်းလာ ပြည်သူများကို စစ်ဆေးခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။