ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ပျောက်ဆုံးခဲ့သည့် အသက် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးကို မီးပွိုင့်တွင် တောင်းရမ်းစားသောက်သူများထံမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၂ရက်၊ ညနေ ၅နာရီအချိန်တွင် ရွှေပြည်သာကွေ့ရှိ ပန်းခြံတွင် ပျောက်ဆုံးခဲ့သည့် ကလေးငယ်အား ယမန်နေ့(မတ် ၁၃ရက်)၊ တွင် တညင်းကုန်းလမ်းဆုံရှိ တောင်းရမ်းစားသောက်သူများအနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း လူမှုဘ၀စောင့်ရှောက်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ပြန်တွေ့ပါပြီ၊ မနေ့က(မတ်လ ၁၃ရက်)ပဲ ပြန်တွေ့ခဲ့တာပါ၊ အခုတော့ မိဘတွေဆီကို ပြန်ရောက်သွားပါပြီ” ဟု ၎င်းက ပြောသည်။
ယင်းကလေးငယ်အား တောင်းစားသူတစ်ဦးမှ ခေါ်ဆောင်သွားပြီးနောက် ၎င်းနှင့်အတူ တောင်းရမ်းသည့်နေရာများအား လိုက်လံခိုင်းကြောင်း မိသားစုဝင်များက ပြောသည်။
“ CCTVထဲမှာ တွေ့တာတော့ ကျတော့်သမီးကို တောင်းစားနေတဲ့ကလေးတစ်ယောက်ကနေ လက်ဆွဲခေါ်သွားတာ တွေ့တယ်။ အဲဒါနဲ့ ကျတော်တို့က လိုက်ရှာကြတယ်။ တညင်းကုန်းနားမှာ တောင်းစားတဲ့ကလေးတစ်ယောက်ကို ကျတော့်သမီးဓာတ်ပုံပြပြီး မေးတော့ထွက်ပြေးသွားတယ်။ အဲဒီနားက အမျိုးသမီးတစ်ဦးကို မေးကြည့်တော့ဒီနားမှာ တောင်းစားတဲ့သူတွေနဲ့ လိုက်တောင်းနေတာကို တွေ့တယ်ဆိုပြီးပြောတယ်။ ဆက်ရှာတော့မှ ပြန်တွေ့တာပါ၊ ထိခိုက်ဒဏ်ရာရတာမျိုးတွေတော့ မရှိပါဘူး” ဟု ကလေး၏ ဖခင်ဖြစ်သူက ပြောသည်။
ကလေးပျောက်ဆုံးနေသည့်အချိန်တွင် မိဘများထံသို့ ငွေကျပ်နှစ်သိန်းပေးမှ ကလေးကို ပြန်ပေးမည်ဆိုပြီး ငွေတောင်းခြင်း၊ ပိုက်ဆံမပေးပါက ကလေးကို နယ်စပ်သို့ ပို့ပစ်မည်ဟုလည်း ခြိမ်းခြောက်ခြင်းများလည်း ခံခဲ့ရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ရန်ကုန်မြို့ရှိ လူစည်ကားသည့် မီးပွိုင့်များအနီး စျေးရောင်း ၊ တောင်းစားသည့် ကလေးငယ်များစွာ ရှိနေပြီး အများစုသည် စေခိုင်သူများကို တစ်ရက်လျှင် ကျပ်နှစ်သောင်းဝန်းကျင် ရှာဖွေပေးနေရကြောင်း နှင့် နေ့စဥ် ငွေကျပ် တစ်သောင်းခွဲ သို့မဟုတ် ကျပ်နှစ်သောင်း ရရှိမှာသာ ခိုင်းစေသူများက နားခွင့်ပေးကြောင်း သိရသည်။
ယင်းသို့ ကလေးငယ်များအား ခိုင်းစေသူများက ဂိုဏ်းဖွဲ့ လုပ်ဆောင်နေသည်ဟု ယူဆမှုများရှိနေပြီး၊ မွေးကင်းစ ကလေးငယ်များကိုလည်း တောင်းစားသူများထံ အငှားချသည့် အလုပ်များ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။