မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း Yesagyo Revolution Group (YRG)က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများသည် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေသည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့် မတ် ၁၁ရက်၊ မွန်းလွဲ ၁နာရီ ၃၀မိနစ်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းကပြောသည်။
“ ၁၁ရက်နေ့မှာတုန်းက သူတို့လက်နက်ကြီးတွေနဲ့ပစ်တယ်။ ကျေးရွာတွေ ထဲကိုကျတယ်။ ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့ ၆၀မမ လက်နက်ကြီးနဲ့ ဂိတ်စခန်းတည်ရှိရာ နှစ်နေရာကို တိတိကျကျပစ်ခတ်တယ်။ ပထမအလုံးကတော့သူတို့နေထိုင်ရာဂိတ်အတွင်းကိုကျရောက်တယ်၊ ဂိတ်ရဲ့မြောက်ဘက် ဆီပန့်ဆိုင်အနီး သူတို့ကင်းပုန်း၀ပ်တဲ့နေရာကိုတိတိကျကျပစ်ခတ်နိုင်ခဲ့တယ်။ အချုပ်အားဖြင့်ဂိတ်စခန်းအတွင်းမှာ စစ်သား ၆ယောက် ထိခိုက်ဒဏ်ရာရရှိတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါတိုက်ခိုက်မှုအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် စစ်သား ၃ဦးကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နှစ်ဦးသည် လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။
“ အရေးပေါ် သေလုလုဖြစ်နေတဲ့ စစ်သားသုံးယောက်ကို ပခုက္ကူဆေးရုံပို့ဆို လမ်းတွေပိတ်ပြီး လုပ်ခဲ့ပေမယ့် ကားပေါ်မှာတင် နှစ်ယောက်သေတယ်။ အဲ့ဒီနှစ်ယောက်က ဆေးရုံတောင်မတက်ရဘဲနဲ့ ရင်ဆွဲရုံတန်းရောက်သွားတာ” ဟု Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းကပြောသည်။
“ အဲ့ဒီမှာ စစ်ဆေးရေးဂိတ်စခန်းလုပ်ထားတာ တစ်နှစ်ခွဲလောက်ရှိပြီ၊ သူတို့တွေက အမြဲမူးရူးသောက်စားနေကြတာ” ဟု ရေစကြိုမြို့နယ်၊ ဒေသခံတစ်ဦးက ဆိုသည်။
အထက်ပါတိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolution Group (YRG)၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင် ၊ ပြည်သူ့အားမာန် PDF၊ ညီနောင်သုံးဖော်၊ ရေစကြိုမြို့နယ် ပ.လ.ဖ နှင့် King Cobra တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ရက်ကလည်း ကျောက်လှေခါးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက အလစ်အငိုက်၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးခဲ့သေးသည်။