စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် တော်လှန်ရေးနယ်မြေထဲသို့ ရောက်ရှိလာသည့် လူငယ်များအပြင် တပ်ဖွဲ့ဝင်တို့၏ မိသားစုဝင်များကိုပါ ခိုလှုံခွင့်ပေးကြောင်း မင်းဘူးခရိုင်အမှတ်- -၅ တပ်ရင်း ထံက သိရသည်။
မင်းဘူးခရိုင်အတွင်းရှိ လူငယ်များစွာတို့သည် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် နီးစပ်ရာ တပ်ရင်း၊တပ်ဖွဲ့များထံ ဝင်ရောက်ကြကြောင်း စစ်ဒေသ(၁)မကွေးတိုင်း၊ မင်းဘူးခရိုင်အမှတ်-၅ တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော်မိုးကြိုးကပြောသည်။
“ကျနော်တို့ တပ်ရင်းအနေနဲ့တော့ ရောက်ရှိနေတဲ့လူငယ်တွေရှိပါတယ်။တခြားတပ်ရင်းတွေကိုလည်း အများကြီးဝင်ရောက်နေတာတွေ့ရပါတယ်။ကျနော်တို့က စိစစ်ပြီးလက်ခံပေးနေပါတယ်။ကျနော်တို့ ဆီကို ရောက်တာ လူငယ်တွေမှ မဟုတ်ဘူး။ကျနော်တို့တပ်ရင်းရဲ့ ရဲဘော်တွေ မိသားစုတွေပါ ရောက်နေတာ။တချို့က ဧည့်စာရင်းစစ်တော့ သန်းခေါင်စာရင်းထဲက လူအတိုင်းစစ်တော့ သားက PDF မှာဆိုတော့ သူတို့လည်း ကြောက်လန့်ပြီးထွက်လာတော့တဲ့သူတွေလည်းရှိတယ်။ ကျနော်တို့ဆီ ရောက်နေတဲ့ လူငယ်တွေက ရာဂဏန်းတော့မရှိသေးပါဘူး။ဆယ်ဂဏန်းတော့ရှိပါတယ်” ဟု ၎င်းကပြောသည်။
မင်းဘူးခရိုင်အမှတ်-၅ တပ်ရင်းအနေဖြင့် ရောက်ရှိလာသည့် လူငယ်များအနက် PDF ရဲဘော် အဖြစ် ပေးအပ်လာသည့် တာဝန်နှင့် စည်းကမ်းများကိုလိုက်နာရန် ခံဝန်ကတိလက်မှတ် ထိုးနိုင်သူများ အား စိစစ်လက်ခံနေကြောင်းသိရသည်။
“ကျမတို့ စရောက်ရောက်ချင်း ထောက်ပံ့ကြေး ရတယ်။ဆန်၊ဆီ၊ဆား ပေးတယ်။အဆင်ပြေပါတယ်။ ဒါပေမဲ့လည်း အိမ်မဟုတ်တော့ အခက်အခဲတော့ အနည်းငယ်ရှိတာပေါ့။ဒီလိုပဲ လုပ်ကိုင်စားသောက် သွားရမှာပဲလေ။ရွာမှာကလည်း နေရတာမှ အဆင်မပြေတာ။ရွာနဲ့ယှဥ်လိုက်ရင်တော့ ဒီမှာက ခေါင်းပြားအောင်အိပ်လို့ရသေးတယ်”ဟု မင်းဘူးခရိုင်အမှတ်-၅ တပ်ရင်းထံ ခိုလှုံလာသည့် PDFရဲဘော်တစ်ဦး၏ မိသားစုဝင်ကပြောသည်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးသည့်နောက်တွင် ခိုလှုံလာသည့် မိသားစုဝင်များကို သီးသန့်စခန်းဖွင့်ကာ ထားရှိပြီး အခြေခံစားနပ်ရိက္ခာထောက်ပံ့ပေးထားကြောင်း သိရသည်။
မင်းဘူးခရိုင်အမှတ်-၅ တပ်ရင်းထံ ခိုလှုံလာသည့် လူဦးရေစာရင်း ကိုမူ လုံခြုံရေးအရ ထုတ်မပြောနိုင်သေးကြောင်း ရဲဘော်မိုးကြိုးကဆိုသည်။






