မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် လက်ပံကုန်းကျေးရွာက စစ်ကောင်စီတပ်အထိုင်စခန်းများကို ဒေသခံPDF တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ဦးသေဆုံးကာ ၄ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းတပ်စခန်းများကို မတ်လ၅ရက်၊၆ရက်နှင့်၇ရက်တို့တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လက်နက် မျိုးစုံ၁၈လက်နှင့် ခဲယမ်းမီးကျောက်တို့ သိမ်းဆည်းရမိခဲ့ကြောင်းNUGကာကွယ်ရေးဝန်ကြီးဌာနက မတ်လ၁၂ရက်၌ သတင်းထုတ်ပြန်ပါတယ်။
“ စစ်တပ်စခန်းက ရွာတွေမှာ တပ်စွဲထားတဲ့သဘောပေါ့နော်။ကာကွယ်ရေးဘက်က PDF တစ်ယောက်တော့ စစ်သားတွေကိုပြန်ပစ်ဖို့အထမှာ အပစ်ခံရပြီးကျသွားတယ်။ အခုတော့သူတို့ ဘက်ကစစ်ကြောင်းထပ်မထိုးဘူး။သူတို့စစ်သားအလောင်းတွေကိုကျနော်တို့ပဲမီးရှို့လိုက်တာ” ဟု တကောင်းပကဖ ရဲဘော်တစ်ဦးကပြောသည်။
၃ ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
“ မြေပြင်မှာလည်းစစ်ကြောင်းလာတယ်။ မြေပြင်စစ်ကြောင်းက လက်နက်ကြီးပစ်လို့ ၇ရက်နေ့မှာ ဆင်ညှပ်ကုန်းရွာက အမျိုးသမီးတစ်ဦး လည်ပင်းထိထားတယ်။ အခုတော့သက်သာလာပြီ။ လေယာဥ်ကလည်း ၇ရက်နေ့မှာ စက်သေနတ်တွေနဲ့ တစ်နေကုန်လာပစ်တယ် “ ဟု တကောင်း ဒေသခံတစ်ဦးကပြောသည်။
တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် မတ်လ ၇ရက်တွင် လေကြောင်းမှ ၈ကြိမ်ဗုံး ကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများရော PDF ရဲဘော်များပါ ထိခိုက်မှုမရှိကြောင်း တကောင်းပကဖ ရဲဘော် ကပြောသည်။
ယင်း၃ရက်တာတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အမှတ် (၃) အထူးလှုပ်ရှားတပ်ရင်း(SR-3)၊ အမှတ် (၅၁၁) တပ်ရင်း၊ အမှတ် (၅၁၂) တပ်ရင်း၊ မန္တလေးတိုင်း Drone တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သပိတ်ကျင်း – ပကဖ) တို့က ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။