မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်က ၂ရက်အတွင်း သင်ပြွန်းကျေးရွာ ၊ ဆိတ်ကုန်းကျေးရွာ ၊ ပျိုးကန်ကျေးရွာနှင့် ကန်ဆွယ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ယမန်နေ့ ( မတ်လ ၁၂ ရက် )၊ မနက် ၆နာရီခန့်က မြင်းခြံမြို့ပေါ်မှ ထွက်လာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် သင်ပြွန်းကျေးရွာသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပကဖ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
“ သူတို့က မနက်အစောကြီး လက်နက်တွေနဲ့ ပစ်ဝင်ဝင်လာတာ၊ ပြေးတဲ့သူတွေက လွတ်တာပေါ့၊ ဒါပေမဲ့ အသက် ၆၀ အရွယ်အဘွားတစ်ယောက်က အိပ်ပျော်နေတာ မီးတင်မှ နိုးတော့ ပြေးလို့လည်းမရနဲ့ မီးလောင်ပြီးသေသွားတယ်။” ဟု သတင်းပြန်ကြားတာဝန်ခံကပြောသည်။
ယင်းစစ်ကြောင်းသည် သင်ပြွန်းရွာကို မီးရှို့ပြီးနောက် ကန်ဆွယ်ကျေးရွာကို ၆၀ မမ နှင့် ပစ်ခတ်ခဲ့ကာ ဆိတ်ကုန်းကျေးရွာသို့ ဝင်ရောက်ကာ ည ၇နာရီခန့်တွင် ဆိတ်ကုန်းကျေးရွာကို မီးရှို့ခဲ့ကြောင်း သတင်းပြန်ကြားတာဝန်ခံက ဆက်လက်ရှင်းပြသည်။
ထို့ပြင် နဘူးအိုင် – မြင်းခြံလမ်းပိုင်းမှ အင်အား ၆၀ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ( မတ်လ ၁၃ရက် ) မနက် ၆နာရီခန့်တွင်ပျိုးကန်ကျေးရွာနှင့် ကန်ဆွယ်ကျေးရွာကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းပြန်ကြားတာဝန်ခံက ဆိုသည်။
“ အဲဒီစစ်ကြောင်းက မနေ့က ထိန်ပန်းရွာမှာအိပ်ပြီး ပျိုးကန်ကို ထွက်လာတာဗျ၊ ပျိုးကန်ကို ရှို့တာက ရွာဟိုဘက်ထိပ် ဒီဘက်ထိပ် နှစ်ဖက်ညှပ်ပြီးကို ရှို့သွားတာ၊ ပျိုးကန်ရှို့ပြီးအပြန် ကန်ဆွယ်ကို ဝင်ရှို့နေတယ်။ ပျက်ဆီးမှုအခြေအနေက စစ်ကြောင်း မထွက်တော့ သိရဖို့ ခက်ပါတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၁ရက်က မြင်းခြံ – မြို့သာလမ်းပိုင်းတွင် ကာကွယ်ရေးအဖွဲ့များက စစ်သားများတင်ဆောင်လာသည့် အိမ်စီးကားတစ်စီးကို တိုက်ခိုက်ခဲ့သောကြောင့် ယခုကဲ့သို့ စစ်ကြောင်းနှစ်ကြောင်းဝင်ရောက်ကာ ရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း မြင်းခြံဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ အဲဒီနေ့က ဒီကောင်တွေ အထိနာတာကို၊ စစ်သားတွေလဲသေ အလက်ကလဲ ၆လက်လောက်ရခဲ့တာဆိုတော့ ဒါကို မကျေနပ်လို့ မနေ့ထဲက တောက်လျှောက်လိုက်ရှို့နေတယ်လို့ သုံးသပ်ရပါတယ်” ဟု ၎င်းကပြောသည်။
ယမန်နေ့က သင်ပြွန်းရွာနှင့် ဆိတ်ကုန်းရွာကို မီးရှို့ခဲ့သော စစ်ကြောင်းသည် ယနေ့တွင် သင်ပြွန်းရွာကို ထပ်မံမီးရှို့နေကြောင်းသိရပြီး ကျေးရွာများ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို သိနိုင်ရန်ခဲယဉ်းကြောင်း ဒေသခံများကပြောသည်။