စစ်ကိုင်းတိုင်းဒေသကြီးကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က သြဂုတ်လ၁၈ရက်နေ့နံနက်ပိုင်းတွင် စစ်ဘေးရှောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များရှိသည်ဟု ၎င်းတို့ယူဆသည့်တောအုပ်များထဲသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသိရသည်။
“မနက်တည်းကပစ်နေတာပါ။ ကျွန်တော်တို့အထင်တော့ စစ်ရှောင်စခန်းတွေ၊PDFတွေရှိတယ်ထင်တဲ့နေရာကို ရမ်းပစ်တယ်ထင်ပါတယ်။ အပြန်အလှန်တိုက်ခိုက်တာမဟုတ်ဘဲ လက်နက်ကြီးနဲ့အဝေးကိုလှမ်းထုနေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့ဇူလိုင်လအတွင်းက အကြမ်းဖက်စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်များ၏တိုက်ပွဲများကြောင့် ကနီမြို့နေ ဒေသခံသောင်းနှင့်ချီပြီး ဘေးလွတ်ကင်းရာများသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။ စစ်တပ်အနေဖြင့် စစ်ဘေးရှောင်များရှိရာနေရာကို အပူတပြင်းရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်သည်။
“ရှာတာကတော့ ကျွန်တော်တို့ရှိတဲ့နေရာတွေကိုလိုက်ရှာကြတယ်။ စစ်ရှောင်စခန်းတွေရှိတဲ့ နေရာကိုလေ။ အခုကတော့ အဝေးကနေလက်နက်ကြီးနဲ့ထုနေတာ။ ဝေးနေပေမယ့်လည်း ပြေးဖို့အဆင်သင့်တော့လုပ်ထားရတယ်” ဟု စစ်ဘေးရှောင်စခန်းရောက်ရှိနေသူတစ်ဦးက MPAသို့ပြောသည်။
အမည်မဖော်လိုသူ စစ်တပ်တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများသို့ စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်လျက်ရှိနေပြီး တိုက်ပွဲအရှိန်မြှင့်ရန် ပြင်ဆင်လျက်ရှိနေသည်ဟုသိရသည်။
ထိုသို့စစ်ပြင်နေမှုနှင့်ပတ်သက်ပြီး “အဲ့ဒါတော့ဟုတ်ဖို့များတယ်။ ကျန်တဲ့နေရာတွေတော့မသိဘူး။ ကနီဘက်မှာတော့ ဒီရက်ပိုင်းကို ဒီကောင်တွေအင်အားတွေတိုးချဲ့တာတွေတော့တွေ့နေရတယ်” ဟု ကနီတွင် တော်လှန်ရေးလုပ်ငန်းများလုပ်ကိုင်နေသူတစ်ဦးက MPAသို့အတည်ပြုပြောဆိုသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ်၏မြိူ့နယ်အချို့နှင့် စစ်ကိုင်းဒေသကြီး မြို့နယ်အချို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေခြင်းဖြစ်သည်။
ကနီရှိကျေးရွာများကို ဇူလိုင်လအတွင်းက စစ်တပ်က ဝင်ရောက်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ လက်နက်ကြီးများပစ်ခတ်မှုများကြောင့် ဒေသခံများသည် ဘေးလွတ်ရာနေရာများသို့တိမ်းရှောင်ခဲ့ရပြီး အခက်အခဲများစွာဖြင့် နေထိုင်ရလျက်ရှိနေသည်။
စစ်တပ်အနေဖြင့် ထိုးစစ်ဆင်ရန်အလားအလာများရှိလာသည့်အတွက် ကနီမြို့တွင် စစ်ရေးအရတင်းမာမှုများဖြစ်ပွားလျက်ရှိနေသည်။
Photo_ CJ (ယခင်က ကနီရှိတောတွင်းတစ်နေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်ပုံဖြစ်ပါသည်)